(Unicode)
Chapter 27
မိုးမြင့်မေ။
အမ်သုံးလုံး လုပ်ငန်းစု၏ မမလေး။
တစ်ညလုံး သွားချင်ရာသွား လုပ်ချင်ရာလုပ်ပြီး သူမ အိမ်ပြန်လာချိန်တွင် မနက်စာစားချိန်တောင် ရောက်နေပြီ။ အစ်ကိုဖြစ်သူ မိုးမြင့်ယံတောင် ထမင်းစားခန်းမှာ ကော်ဖီထိုင်သောက်နေပြီ။
"မောနင်း ကိုကြီး"
"တစ်ညလုံး အိမ်ပြန်မလာဘဲ ခုမှ ဘာမောနင်းလဲ"
"ဟဲဟဲ၊ ကိုကြီးကလည်း။ မနေ့ညက ညီမလေး အပြင်မှာအိပ်မယ်လို့ ကိုကြီးဆီ ဖုန်းဆက်ပြီး ပြောသားပဲကို။ ကိုကြီးပဲ ခွင့်ပေးပြီးတော့"
ကော်ဖီတစ်ခွက် ငှဲ့လိုက်ရင်း မျက်နှာချိုသွေးပြီး ပြုံးဖြီးဖြီးလေး ပြောလိုက်တော့ ညီမကိုချစ်သည့် ကိုကြီးသည် မျက်နှာကြော ချက်ချင်းလျော့သွားလေသည်။
"ခေတ်လူငယ်မို့ ညီမလေး လွတ်လွတ်လပ်လပ်နေတာကို ကိုကြီး မတားဘူး၊ မပိတ်ပင်ဘူး။ ဒါပေမယ့် အိမ်က အလုပ်ကိစ္စတွေကိုတော့ ခေါင်းထဲ နည်းနည်းထည့်ထားဦး"
"ညီမလေးက အပျော်အပါးမက်တာသပ်သပ်၊ အလုပ်လုပ်တာက သပ်သပ်ပါ။ ဖေဖေရှိကတည်းက အလုပ်ကိစ္စတွေမှာ ညီမလေး ဘယ်တုန်းက ပျက်ကွက်ဖူးလို့လဲ"
ညီမဖြစ်သူ ပြောတာလည်း မှန်နေတာမို့ မိုးမြင့်ယံ ခေါင်းညိတ်လိုက်ရသည်။ သူ့ညီမသည် ယောက်ျားလေးဖြစ်သည့် သူ့ထက်တောင် အပျော်အပါးမက်သည်၊ အပေါင်းအသင်းပေါသည်၊ ဆိုရှယ်ကျသည်။ သူတို့အဖေ ရှိစဥ်ကတည်းက တားမရခဲ့။
သို့သော် ကောင်းသည့် အချက်လေးကတော့ အလုပ်လုပ်ဖို့ စိတ်ဝင်စားရှာသည်။ အဖေနှင့် အစ်ကိုနှင့်တွဲပြီး သူတို့မိသားစု၏ လုပ်ငန်းအားလုံးကို နားလည်အောင်လုပ်သည်။ သူဌေးသမီးဆိုပြီး ဟန်ရေးပြရုံလောက်မဟုတ်ဘဲ ကိစ္စအတော်များများမှာ စိတ်ချလက်ချ မျက်နှာလွှဲထားလို့ ရနိုင်လောက်သည်အထိ အလုပ်ကို စိတ်ပါလက်ပါ လုပ်သည်။
"မနေ့က ညီမလေး ဖုန်းဆက်တုန်းက ခွန်းဆက်မင်းလွင်နောက်ကို လူတစ်ယောက် လွှတ်လိုက်တယ်လို့ ကိုကြီး ပြောတယ်မလား"
KAMU SEDANG MEMBACA
'Crystal Light'
AcakType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...