Chapter 14 (U+Z)

2.5K 70 0
                                    

(Unicode)

Chapter 14

"မင်းကို ငါခိုင်းလိုက်တာ ရှင်းရှင်းလေး။ ဒီ့ထက်ပိုပြီး ရှင်းစရာလည်း မရှိတော့ဘူး"

"ကျွန်မပြောနေတာလည်း ရှင်းရှင်းလေး။ ရှင် ဒီလောက် စိတ်တိုပြနေစရာ ဘာအကြောင်းမှ မရှိဘူး"

"ဟ... ဘာလို့ မရှိရမှာလဲ။ ရှိတာမှ သိပ်ရှိတာပေါ့။ ငါခိုင်းတာတခြား၊ မင်းလုပ်လာတာက တခြားလေ။ အလုပ်တစ်ခုကို ငါလုပ်ခိုင်းလိုက်ရင် ငါပြောတဲ့အတိုင်း လုပ်တာပဲကြိုက်တယ်။ အတွန့်တွေ အညွန့်တွေ ကွန့်မလာနဲ့"

"ကျွန်မလုပ်လိုက်တာ ရှင့်အတွက် ဘာများ နစ်နာသွားလဲ။ ပြောကြည့်ပါဦး။ ရှင်ခိုင်းတဲ့အတိုင်း မလုပ်ရကောင်းလားလို့ ဒေါသထွက်ပြနေရအောင် ကျွန်မကြောင့် ရှင် ဘာတွေများ အကျိုးယုတ်သွားလို့လဲ"

"နစ်နာတာတွေ မနစ်နာတာတွေ ပြောမနေနဲ့။ ငါပြောနေတာရဲ့ လိုရင်းက မင်းက ငါ့လက်အောက်ကလူ။ ငါခိုင်းရင် ခိုင်းတဲ့အတိုင်းပဲလုပ်။ မင်းသဘောနဲ့မင်း လျှောက်လုပ်နေရအောင် မင်းကိုယ်မင်း ဘာများထင်နေလဲ"

"အောင်မာ၊ ကျွန်မက ဘယ်တုန်းစပြီး ရှင့်လက်အောက်ကလူ ဖြစ်သွားရတာလဲ။ ရှင်သိထားဖို့က ကျွန်မက ရှင့်ဂိုဏ်းသားလည်း မဟုတ်ဘူး။ ရှင့်ဝန်ထမ်းလည်း မဟုတ်ဘူး..."

သူမတို့နှစ်ယောက် ရန်ဖြစ်နေတာ ဆယ့်ငါးမိနစ်လောက်တော့ ကြာသွားလောက်ပြီ။ အပြန်အလှန် အသံကုန် အော်နေကြတာမို့ တံခါးပိတ်ထားတာတောင် အပြင်က ဘုန်းစည်းစိမ်တစ်ယောက် မကြားရဘဲ နေမှာမဟုတ်။ သူ့ခမျာလည်း ဒီအချိန်ဆို ဘယ်နားသွားပြီး ဘာလုပ်နေရမလဲမသိ ဖြစ်နေလောက်ပြီ။

"ငါ့စကားကို ဆုံးအောင်နားထောင်ဖို့ မင်းအတွက် အဲ့လောက် ခက်ခဲနေတာလား"

"ရှင်ကရော ခဏလောက် ပါးစပ်လေးပိတ်ပြီး မနေနိုင်ဘူးလား"

ပြဿနာက ညနေကစသည်။

သစ္စာဖောက် ရွှေချောင်းသူခိုးကို တစ်ခါတည်း ရှင်းပစ်ခဲ့ဖို့ သူမကို ခွန်းဆက်မင်းလွင်က ခိုင်းလိုက်သည်ဆိုတော့လည်း သူမ ဘာမှ ထွေထွေထူးထူး တွေးမနေခဲ့။ ဘုန်းစည်းစိမ်ဆီက သေနတ်ကိုယူပြီး ထိုသူ့အခန်းဆီ တက်ခဲ့သည်။ တံခါးသော့ခတ်ထားပေမယ့် အဲ့တံခါးလောက်ကို ခိုးဖွင့်ဖို့က သူမအတွက် ခက်တာမဟုတ်။

'Crystal Light'Where stories live. Discover now