(Unicode)
Chapter 30
လူစည်ကားသည့် shopping mall တစ်ခု၏ ကားပါကင်မို့ ကားများသည် ဝင်လိုက်ထွက်လိုက် အဆက်မပြတ် လှုပ်ရှားနေကြသည်။ ကားပေါ်မှ ဆင်းလာကြသူများ၊ ကားပေါ်တက်ပြီး ပြန်ထွက်သွားကြသူများနှင့် လူသွားလူလာကလည်း တစ်စက်လေးမှမပြတ်။ အားလုံးကလည်း ကိုယ့်အာရုံနှင့်ကိုယ်မို့ ဘယ်သူကမှ ဘယ်သူ့ကို အာရုံစိုက်ပြီး သတိထား ကြည့်မနေကြ။ ထို့ကြောင့်လည်း ချယ်က ဟိန်းဇေယျာနှင့် လျှို့ဝှက်တွေ့ဆုံရန် ဒီနေရာကို ရွေးခဲ့ခြင်းဖြစ်သည်။ လူမမြင်အောင် ပုန်းချင်လျှင် လူမြင်ကွင်းမှာပုန်းတာ အကောင်းဆုံးပဲမလား။
အချိန်သည် မနက်ဆယ်နာရီ ဆယ်မိနစ်။ သူမတို့ ချိန်းထားသည့်အချိန်က ဆယ်နာရီအတိဖြစ်သည်။ ဟိန်းဇေယျာ၏ ကားလေးကလည်း ဆယ်နာရီအတိကတည်းက ကားပါကင်ထဲ ရောက်လာပြီး သူမ ရပ်ခိုင်းထားသည့်နေရာတွင် ရပ်နေခဲ့ပြီးသား။ သူမက သေချာအောင် ဆယ်မိနစ်လောက် ထပ်စောင့်ကြည့်နေခဲ့ခြင်းသာ။
စိတ်ချရလောက်ပြီမို့ သူမကားထဲကထွက်ကာ ဟိန်းဇေယျာ၏ ကားအနားသို့ လျှောက်သွားလိုက်သည်။ မှန်ကို အသာခေါက်လိုက်တော့ အထဲက လော့ခ်ဖွင့်ပေးသံ ကြားရသည်။ ကားထဲ ဝင်ထိုင်လျှင်ထိုင်ချင်း ပထမဆုံး ရလိုက်သည်က စီးကရက်နံ့။
"ဖွီး၊ ရှင် ရူးများနေသလား။ aircon ကြီးဖွင့်ပြီး အလုံပိတ်ကားထဲမှာ ဆေးလိပ်သောက်နေရတယ်လို့"
"ဆောရီး ဆောရီး" ဆိုပြီး ဟိန်းဇေယျာ ပြတင်းပေါက် အနည်းငယ်ဟကာ သူ့လက်ထဲမှဆေးလိပ်ကို အပြင်လွှင့်ပစ်တော့ သူ့လက်များ သိသိသာသာ တုန်နေသည်ကို ချယ် သတိထားလိုက်မိသည်။ ကြည့်ရတာ သူမနှင့် လာတွေ့ရတာကို စိတ်လှုပ်ရှားပြီး လုပ်မိလုပ်ရာ ကားထဲ ဆေးလိပ်ထိုင်သောက်နေခဲ့သည်နေမှာ။
ငါက အဲ့လောက် ကြောက်စရာ ကောင်းသလားဟု တွေးပြီး ရယ်ချင်သွားတာကိုတော့ မျိုသိပ်ထားလိုက်ရသည်။
"ဘာထူးခြားတာ ရှိသေးလဲ"
"မနေ့ညနေက မေတို့အိမ် ကျုပ်ရောက်ခဲ့သေးတယ်"
ဟိန်းဇေယျာသည် ချယ်ထင်ထားတာထက် အဖြစ်ရှိသည် ပြောရမလား။ ဘယ်လောက်မှ မကြာလိုက်သော ကာလအတွင်း မိုးမြင့်မေနှင့် အခြေအနေများ တိုးတက်လာကာ မိုးမြင့်ယံနှင့်ပါ ရင်းနှီးလာပြီး သူတို့အိမ်သို့ ဝင်နိုင်ထွက်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်လာခဲ့သည်။
CZYTASZ
'Crystal Light'
LosoweType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...