(Unicode)
Chapter 24
"ငါ့နား နည်းနည်းတိုးဦး"
"အောင်မယ်၊ ဘာကိစ္စ"
"ငါ့မှာ ဘာရောဂါမှ မရှိဘူး။ သုံးပေလောက် အတင်းခွာမနေနဲ့"
"လူတွေ ဒီလောက်များမယ် ထင်မထားဘူး။ စိတ်တောင်ရှုပ်လာပြီ"
"မင်းထက် ငါက ပိုရှုပ်သေးတယ်။ ဒီလို လူများတဲ့နေရာတွေ ငါ ကြာကြာမနေချင်ဘူး။ မင်းကြောင့်မို့လို့သာ ဒုက္ခခံနေရတာ"
"အစကတည်းက ကျွန်မ မလိုက်ချင်ဘူးလို့ ပြောသားပဲ။ ရှင်ပဲ ရှင့်စိတ်ကူးနဲ့ရှင် အတင်းဆွဲခေါ်လာပြီးမှ ဘာကို ကျွန်မကြောင့်လို့ လာလွှဲချနေတာလဲ"
"တရှင်ရှင်နဲ့ ဘယ်လို ဖြစ်နေတာတုန်း။ လူကြားထဲမှာ ငါ့ကို မောင်လို့ ခေါ်ပါဆိုနေမှ"
"ရှင်တော့ အိမ်ပြန်ရောက်ရင် အသေပဲ"
"အဲ့လိုပြောပုံက ငါ့ရည်းစားတောင် မကတော့ဘူး၊ ငါ့မိန်းမလေသံ ပေါက်လာပြီ။ လူတွေလာနေတယ်။ မျက်နှာပြင်။ ငါ့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်မနေနဲ့"
တကယ်လည်း လူတစ်ယောက် သူမတို့ဆီ ဦးတည်ပြီး လျှောက်လာနေသည်မို့ ချယ် မျက်စောင်းတစ်ချက် အမြန်ထိုးပြီး မျက်နှာကို ပြုံးထားလိုက်ရသည်။ အသက်ငါးဆယ်ကျော်အရွယ်၊ ဝဝဖိုင့်ဖိုင့်လူကြီးက သူမတို့ရှေ့ ရောက်လာတော့ ခွန်းဆက်မင်းလွင်ကို လက်ကမ်းပေးသည်။
"ကျုပ်က ဖိတ်သာ ဖိတ်လိုက်ရတာ၊ ကိုခွန်းဆက်မင်းလွင် ကိုယ်တိုင်လာမယ် ထင်မထားဘူး။ အခုလို ကျုပ်ရဲ့ ဘာမဟုတ်တဲ့ ပွဲလေးကို တကူးတက ရောက်လာပေးတော့လည်း ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"
"ဘာမဟုတ်တဲ့ပွဲတော့ ဘယ်ဟုတ်မလဲဗျ။ လုပ်ငန်းအသစ် တိုးချဲ့နိုင်တဲ့အတွက် Congratulations ပါ အန်ကယ်"
ခွန်းဆက်မင်းလွင်က ထိုလူကြီးကို လက်ဆွဲနှုတ်ဆက်ရင်း အလိုက်သင့်ပြောကာ မျက်နှာကလည်း ပြုံးနေသည်။ ထိုအပြုံးမျိုးကို ချယ် သိသည်။ နှုတ်ခမ်းတွင်သာ ရပ်တန့်သွားပြီး မျက်လုံးအထိ မရောက်သည့်အပြုံးများ။ တစ်နည်းအားဖြင့် စိတ်မပါဘဲ ဟန်ဆောင်သည့်အပြုံး။ တကယ့်မျက်နှာအစစ်ကို ဖုံးကွယ်ဖို့ အသုံးချသည့် မျက်နှာဖုံးလိုအပြုံး။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...