(Unicode)
Chapter 13
တံခါးသော့ပွင့်သွားသံ ချောက်ခနဲက သူထင်ထားတာထက် ပိုကျယ်နေသည်။ ချယ်များ ကြားသွားမလား။ ကြားချင်လည်း ကြားပစေပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်လာသလို တိုက်ခန်းထဲ ခပ်တည်တည်နှင့်ပဲ ဝင်သွားလိုက်သည်။
ဧည့်ခန်းထဲမှာတော့ ချယ်မရှိ။ စောသေးလို့ပဲ မနိုးသေးတာလား။ မနိုးသေးလည်း နေပေါ့။ သူလာတာလည်း သူမဆီလာတာမှ မဟုတ်တာ။
ဧည့်ခန်းနံရံတစ်ဖက်တွင် ကပ်ထားသည့် အလှဆင်ပစ္စည်းများတင်သည့် စားပွဲပုလေးပေါ်သို့ သူ့လက်ထဲက ကိုင်လာသည့်ဖန်ဘူးကို ချလိုက်သည်။
"နောက်တစ်ခါ တံခါးမခေါက်ဘဲ ဝင်လာလို့ကတော့ အထဲကနေ စောင့်ပြီးကို ချောင်းရိုက်ဦးမယ်"
လှည့်ကြည့်လိုက်တော့ ထမင်းစားခန်းဘက်ကနေ ကော်ဖီတစ်ခွက်ကိုင်ပြီး ထွက်လာသည့် ချယ် သို့မဟုတ် CL2 သို့မဟုတ် ချယ်ရီလဲ့လဲ့။ အခုမှ အိပ်ရာထခါစနေမှာ။ ညဝတ်အင်္ကျီတောင် မလဲရသေး။ မျက်နှာကိုလည်း ဘာမှ ပြင်ဆင်မထား။ ပခုံးကျော်ရုံ ဆံပင်များက ရှုပ်ပွလျက်။
"Good morning"
"ရှင့်ကို မြင်လိုက်တာနဲ့ကို မဂွတ်တော့ဘူး။ ဒီတစ်ခါရော ဘာလာလုပ်ပြန်တာလဲ"
"ဒါလာထားတာ"
ဖန်ဘူးထဲကထုတ်ပြီး စားပွဲပေါ် တင်ထားပြီဖြစ်သည့် ပစ္စည်းလေးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါ ဘာကြီးလဲ"
"မင်းမှာ မျက်စိပါတယ်မလား။ ကြည့်လိုက်ပါလား"
သူ့ကို မျက်စောင်းထိုးရင်း ချယ် သူ့အနား လျှောက်လာသည်။ စားပွဲဘေးမှ သူဖယ်ပေးလိုက်သည်။
"ဒါက..."
"အဲဒီနေရာမှာပဲထား။ နေရာမရွှေ့နဲ့။ ဖုန်မတက်စေနဲ့"
စားပွဲပုလေးပေါ်က ကြွေနှင့်လုပ်ထားသည့် ခြောက်လက်မအရွယ်လောက် အနက်ရောင်ကြောင်ရုပ်ကို တစ်လှည့်၊ သူ့ကိုတစ်လှည့် ကြည့်ရင်း ချယ် ခေါင်းတခါခါ လုပ်နေသည်။
"ရှင်ကတော့ တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ။ ဒီကြောင်ရုပ်က ဘာလဲ။ ဘာအဓိပ္ပာယ်လဲ။ အရုပ်ထဲမှာ ကျွန်မကိုစောင့်ကြည့်ဖို့ စပိုင်ကင်မရာတွေများ တပ်ထားသေးလား"
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...