"ကိုကြီး ဒါက ဘယ်သွားမလို့လဲ"
ပုံမှန်ဆို အိမ်မှာနေရင် စွပ်ကျယ်အင်္ကျီနှင့်နေနေကြကိုကြီးက အပေါ်ထပ်ရှပ်အင်္ကျီထပ်ဝတ်နေသဖြင့် နုနုမေးလိုက်သည်။
"ကိုကြီးဆံပင် နည်းနည်းရှည်နေပြီလားလို့၊ အဲ့ဒါသွားညှပ်လိုက်အုန်းမယ်"
အမှန်တော့ နုနုဒီစနေပိတ်ရက် ကိုကြီးအားမယ့်အချိန်ကို အားခဲကာစောင့်နေခြင်းဖြစ်သည်။ တနင်္ဂနွေပိတ်ရက်ဆို အမေတို့အိမ်မှာတနေကုန်နီးပါးနေသည်မို့၊ စနေနေ့ကိုတော့ နုနုအပိုင်ဟု စဉ်းစားထားသည်။
"အင်း၊ သွားလေ။ ဒါပေမယ့် ညှပ်ပြီးတာနဲ့ တန်းပြန်လာနော်။ လက်ဖက်ရည်ဆိုင်ဝင်ပြီး စကားပြောမနေနဲ့ဦး၊ ဒီနေ့က နုနုပိုင်တဲ့နေ့ဆိုတော့ ကိုကြီးနဲ့လုပ်စရာလေးတွေရှိတယ်။ မြန်မြန်သွား၊ မြန်မြန်ပြန်လာ......နော်ကိုကြီး"
ကိုယ့်ကျောင်းပိတ်ရက်ကို သူ့အပိုင်ဟုဆိုသော နုနု၏အပြောကလေးကို အောင်နိုင်သဘောကျလို့ ပြုံးလိုက်မိသည်။ နုနုပါးကလေးကို လက်ဖြင့်ဖျစ်လိုက်ပြီး
"ဟုတ်ပါပြီ ပိတ်ရက်ပိုင်ရှင်ကြီးရယ်၊ ကျွန်တော်မျိုး ဘယ်မှ သဝေမထိုးဘဲ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာပါ့မယ်"
တအောင့်နေတော့ အောင်နိုင် မုန့်ထုပ်လေးကိုင်ကာ ပြန်ရောက်လာသည်။ နုနုကို လက်ထဲကမုန့်ထုပ်ကမ်းပေးရင်း
"ပလာတာဝယ်လာခဲ့တယ်၊ နေ့လည်ကျအစာပြေစားရအောင်၊ ကဲ ကြည့်ပါအုန်း ဘယ်လိုလဲ ညှပ်လာတာ အဆင်ပြေရဲ့လား"
နဂိုထဲက တိုတဲ့ဆံပင်က အခုဆိုတော်တော့်ကို ရှင်းသွားသည်။ နုနုကတော့မညှပ်ခင်က အနေအထားလေးကို ပိုသဘောကျသော်လည်း၊ ကိုကြီးက သူ့ဆံပင်နည်းနည်းရှည်လျှင်တောင် မနေတတ်သူမို့
"ကောင်းပါတယ်၊ ကိုကြီးရဲ့"ဟုကျေနပ်အောင် ပြောလိုက်သည်။
"ကဲ နုနု၊ ကိုကြီးနဲ့ လုပ်စရာရှိတယ်ဆို၊ ဘာလုပ်မှာလဲပြော၊ ယောင်္ကျားနဲ့ဖက်ပြီးနေ့လည်ခင်းတရေးအိပ်ချင်တာလား၊ ဒါမှမဟုတ် ကိုကြီးပါးကို ဘယ်ဖက်အခါတစ်ရာ၊ ညာဖက်အခါတစ်ရာ နမ်းချင်တာလား၊ နုနုကြိုက်တာပြော၊ ကိုကြီးတစ်ကိုယ်လုံး နုနုစိတ်ကြိုက်သုံး"
VOCÊ ESTÁ LENDO
နုနုတစ်ယောက်သာ
Romance"ဘာလို့လဲ၊ နုနုကိုဘာလို့လက်ထပ်ချင်တာလဲ" မေးလာသည့် နုနု၏မျက်ဝန်းများက သိလိုသောအရောင်များ တဖျက်ဖျက်လက်နေသည်။ "နုနုမို့လို့၊ နုနုဖြစ်နေလို့" ထိုတိုတောင်းသော အဖြေလေးက အောင်နိုင့်ကို အမှတ်ပြည့်ရစေခဲ့သည်။