တစ်ယောက်လက်မောင်း တစ်ယောက်ဖက်၍မျက်နှာချင်းထိလုနီးပါးမျှကပ်ခါ အိပ်မောကျနေခိုက်၊ ခုတင်ခေါင်းရင်းတွင်တင်ထားသော ဖုန်းလေးမှထွက်ပေါ်လာသည့် Alarmမြည်သံကြောင့် နုနုတစ်ယောက် နိုးသွားရသည်။
မျက်စိမဖွင့်နိုင်သေးခင်မှာပင် လက်ကိုဆန့်တန်းစမ်းလိုက်ပြီး ဖုန်းကိုကပျာကယာပိတ်လိုက်သည်။ ထို့နောက် အိပ်ချင်နေသေးသော မျက်လုံးတို့ကို အားယူဖွင့်လိုက်ပြီးနောက် ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်ရှိနေသော ကိုကြီးကို တစိမ့်စိမ့်ကြည့်နေလိုက်သည်။
အတန်ကြာလျှင် နုနုကိုယ်ပေါ်၌ဖက်တင်ထားသော ကိုကြီး၏လက်ကို အသာအယာမ၍ ဖယ်လိုက်ပြီး တတ်နိုင်သမျှ ညင်ညင်သာသာထထိုင်လိုက်၏။
ထိုင်ရင်းကပင် ကိုကြီးမျက်နှာကိုစူးစူးစိုက်စိုက်ကြည့်၍ လက်တစ်ဖက် အသာထောက်ခါ ငုံ့မွှေးလိုက်မိသည်။ ခုတင်ပေါ်က အသာဆင်း ခြေဖျားလေးဖော့နင်း၍ အခန်းထဲက ထွက်လာလိုက်သည်။
နုနုအခန်းထဲကထွက်သွားတာ သေချာမှ အောင်နိုင် မျက်စိလေးအသာဖွင့်ကြည့်ရင်း ကြည်ကြည်နူးနူးပြုံးလိုက်သည်။
"ယောင်္ကျားနိုးနေတုန်းနမ်းရင် ဝမ်းသာသွားမှာစိုးလို့လားမသိ၊ ဒီကလေးမ ခိုးနမ်းရတယ်လို့"
ပါးကို လက်ဖြင့်စမ်းရင်းက ခဏမှေးချင်သေးသဖြင့် မျက်စိပြန်မှိတ်လိုက်သော်လည်း လူကတော့ ပြုံးပြုံးကြီးဖြစ်နေသည်။
နုနု ရေချိုးခန်းဝင်ကာ ကိုယ်လက်သုတ်သင်ပြီး၊ ခေါင်းကိုဘီးကြဲဖြင့်ရှင်းပြီးနောက် ကျစ်ဆံမြီးပွပွတစ်ချောင်း ကျစ်လိုက်သည်။ သနပ်ခါးကတော့ ကျောက်ပြင်က အခန်းထဲရှိနေသဖြင့် ခုသွားလူးလျှင် ကိုကြီးအိပ်တာအနှောက်အယှက် ဖြစ်မှာစိုးသဖြင့် နောက်မှလူးတော့မည်ဟု တွေးလိုက်သည်။
ပုံမှန်ဆိုလျှင် နုနု ကိုကြီးနဲ့မှ အတူတူထနေကြဖြစ်သည်။ ဒီနေ့တော့ ကျောင်းဖွင့်ရက်ပြန်ရောက်ပြီမို့ ကိုကြီးကျောင်းမသွားခင် မနက်စာထမင်းကြော်ကြော်ရန်နှင့် ထမင်းချိုင့်အမှီချက်ပြုတ်ရန် စောစောထရတာဖြစ်သည်။
STAI LEGGENDO
နုနုတစ်ယောက်သာ
Storie d'amore"ဘာလို့လဲ၊ နုနုကိုဘာလို့လက်ထပ်ချင်တာလဲ" မေးလာသည့် နုနု၏မျက်ဝန်းများက သိလိုသောအရောင်များ တဖျက်ဖျက်လက်နေသည်။ "နုနုမို့လို့၊ နုနုဖြစ်နေလို့" ထိုတိုတောင်းသော အဖြေလေးက အောင်နိုင့်ကို အမှတ်ပြည့်ရစေခဲ့သည်။