နုနုရင်ခွင်ထဲမှ အသံတွေထွက်သည်အထိ နို့စို့နေသော နီတာရဲလေးကိုကြည့်၍ အသည်းယားနေမိသည်။
"ကြည့်စမ်း ကြည့်စမ်း၊ ရုပ်ကလေးက အောင်နိုင်ငယ်ငယ်ကနဲ့ တပုံစံတည်းပဲ။ အသားလေးဖြူတာကလွဲရင် ချွတ်စွပ်ပဲ"
အမေပြောတာတော့ ကိုကြီးနဲ့တူတယ်တဲ့။
နုနုကတော့ ကြည့်သာကြည့်နေတယ် ခုထိ ဘယ်သူနဲ့တူတယ်မပြောတတ်။ ဘယ်သူနဲ့တူတူမတူတူ ကိုယ့်ရင်ကဖြစ်သည့် အသွေးသားလေးမို့ နုနုနှင့်ကိုကြီးမှာ ကလေးကိုကြည့်မဝရှုမဝဖြစ်နေကြသည်။နုနုဆေးရုံဆင်းတော့လည်း မီးမထွက်မခြင်း အမေနှင့်မမကြိုင်မှာ အိမ်အထိ လိုက်ပြုစုကြသည်။
"ဟာ နုနုရေ နုနုရေ လုပ်ပါအုန်းကွာ၊ မင်း သားဒီမှာ ရှူးရှူးတွေပေါက်ချလိုက်လို့"
ကိုကြီးခေါ်သံကြောင့် မနက်စာပြင်ရင်းတန်းလန်းက အခန်းထဲအပြေးသွားလိုက်တော့ ကိုကြီး၏ ရှပ်အင်္ကျီအဖြူရင်ဘတ်ကစ၍ ပုဆိုးအစိမ်းထိပါ သားသားသေးစီးကြောင်းက ရွှဲဆိုနေပြီဖြစ်သည်။
အဖွားလုပ်သူက သူ့မြေးဖင်ပူမှာဆိုးတယ် အပြင်သွားမှ ဒိုင်ပါဝတ်ပေးပါဆိုပြီး အိမ်မှာရှိချိန်တော့ ဒိုင်ပါမဝတ်ဘဲထားသဖြင့် အဖေကို ရွှေပန်းဖြင့် ရေဖြန်းလိုက်လေပြီ။ နုနု ကိုကြီးလက်ထဲက သားကို လက်လွှဲယူလိုက်ပြီး
"ဟွန်း ဖြစ်မယ် ကိုကြီးကတော့၊ ကျောင်းသွားခါနီး ကလေးမချီပါနဲ့ပြောလည်း နားမထောင်ဘူး။ ခုတော့ အင်္ကျီပြန်လဲရတော့မယ်။ တနေ့တနေ့ သားသားသေးဝတ်တွေရော၊ အခုလို သေးစိုသွားလို့ အပိုထွက်လာတဲ့ အင်္ကျီတွေပါလျှော်ရတာ၊ နုနုလက်ပြုတ်တော့မယ်သိလား၊ ဒါတောင် မမကြိုင်က နုနုအလစ် သားသားသေးဝတ်တွေ ကူလျှော်ပေးလို့သာပေါ့"
အောင်နိုင် နုနုကို တောင်းပန်သလိုလေးကြည့်၍ ပုခုံးကို လက်ဖြင့်တစ်ချက်ဖျစ်လိုက်ပြီး
"အေးပါကွာ၊ နုနုလက်နာရင် ညနေကျောင်းအပြန် ကိုကြီးလျှော်ပေးပါ့မယ်၊ အခုလည်း မချီဘူးနေတာပဲ၊ ဒါပေမယ့် ဒီကောင်ကြီးက ခုတင်ပေါ်ကနေ တအဲ့အဲ့နဲ့ ဖအေကိုအသံပေးနေတော့ ချီမိသွားတာပါကွာ။ ဟေ့သားပြောလိုက်လေကွာ၊ သားသားကချီခိုင်းတာပါမေမေရယ်၊ ဖေဖေ့ကို မဆူပါနဲ့လို့ ဟုတ်လား"
أنت تقرأ
နုနုတစ်ယောက်သာ
عاطفية"ဘာလို့လဲ၊ နုနုကိုဘာလို့လက်ထပ်ချင်တာလဲ" မေးလာသည့် နုနု၏မျက်ဝန်းများက သိလိုသောအရောင်များ တဖျက်ဖျက်လက်နေသည်။ "နုနုမို့လို့၊ နုနုဖြစ်နေလို့" ထိုတိုတောင်းသော အဖြေလေးက အောင်နိုင့်ကို အမှတ်ပြည့်ရစေခဲ့သည်။