6

2.2K 230 21
                                    

ဂျုံဆောင်း ရေချိုးကိုယ်လက်သန့်စင်ပြီးနောက် စိုထိုင်းထိုင်းဆံပင်တို့ကို မသုတ်အားသေးဘဲ တဘက်တစ်ထည်ခေါင်းပေါ်တင်ထားလျှက် ဖုန်းကိုအရင်စစ်ကြည့်လိုက်၏။ ဝင်နေသော message တစ်စောင်ကြောင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်မြင့်တက်လျှက် ရယ်မိသွားရသည်။

အမှန်တကယ်ကို သူ့အသည်းညှာဟိုက်ပါကလေးနှင့်ယှဥ်လာလျှင် ပညာရေးပိုင်းမှာ ဂျုံဆောင်း လိုက်တန်းညှိရန်လုံးဝမဖြစ်နိုင်ပါ။ ထိုအခြေအနေတွင် သူကတစ်ပြန်ကြီး စာပြပေးဦးမည်ဟု တစ်ပတ်ရိုက်ခဲ့သော လိမ်ဆင်ဇာတ်လမ်းတွင် အခဲမကြေနိုင်သူလေးက သူ့ကိုဆက်တိုက်ရန်ရှာနေ၏။

ရန်လိုနေသော အငွေ့အသက်များနှင့် message လေးများကိုကြည့်ရင်း ဖုန်းကိုလက်ထဲမှပင်မချနိုင်ဘဲ ညနေစာစားရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည်။

" အမလေး လန့်လိုက်တာ "

ဖုန်း screen ကိုကြည့်ကာ ပြုံးဖြီးလျှက်ဝင်လာသော ဂျုံဆောင်း၏အကြည့်တို့သည် ထမင်းစားပွဲပေါ် လက်တဖက်ထောက်လျှက် သူ့ကို ပျင်းရိပျင်းတွဲ့တစ်ဝက်နှင့် စိုက်ကြည့်နေသူထံ ရောက်ရှိသွားချိန်တွင်တော့ နှလုံးများပင် ပြုတ်ကျမတတ်ဖြစ်သွားရ၏။

" ဘာတွေလုပ်ထားလို့ ဒီလောက်တောင်လန့်နေရတာလဲ "

နေ့လည်က ကာယဆရာတစ်ဖြစ်လဲ ဂျယ်ယွန်းက ပျင်းရိပျင်းတွဲ့ဖြင့် မျက်ခုံးတွေကိုပင့်ကာ မေးလာသည်။ ရွှေဝါရောင်ဆံပင်ရှည်တွေကို တစ်ဝက်သိမ်းစည်းထားသော ဂျယ်ယွန်းသည် အိပ်ရေးမဝသေးသလို အနည်းညိုနေသောမျက်ကွင်းများနှင့် လျော့ရဲရဲ တီရှပ်တစ်ထည်ကိုဝတ်ကာ ခုံတွင် ဒူးတစ်ဖက်ထောင်ကာ ထိုင်နေ၏။

" အာ... ဦးလေး !! လာမယ်ဆိုရင်လည်း အသိလေးဘာလေး ပေးဦးလေ ! "

" ငါ့အစ်မအိမ်ငါလာတာ မင်းကိုဘာကိစ္စအသိပေးစရာလိုလို့လဲ "

ဂျယ်ယွန်းက ပြောရင်းနှင့် သူ၏အစ်မဖြစ်သူ ဂျုံဆောင်း၏အမေ စိပ်ခွဲပေးထားသော ပန်းသီးစိပ်တို့ကို ခက်ရင်းဖြင့်ထိုး၍ ဝါးနေသည်။

ဂျုံဆောင်းမျက်နှာက အနည်းငယ်ရှုံ့မဲ့နေပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင်စွာဘဲ ထမင်းစားပွဲတွင် ဝင်ထိုင်ရ၏။ သူမီးဖိုခန်းထဲ ဝင်လာသည့်အချိန်မှစ၍ ယခုခုံတွင်ဝင်ထိုင်ပြီးသည့်အချိန်ထိတောင် ဂျယ်ယွန်းက သူ့ကိုစိုက်ကြည့်ခြင်းအား မရပ်တန့်ပါ။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now