9

1.5K 181 17
                                    

ဂျောင်ဝန်းအမေအတွက် ခုရက်ပိုင်းအတွင်း မျက်နှာသိပ်မလန်းတဲ့ သားဖြစ်သူက အနည်းငယ် စိတ်ပူပင်စရာလေးဖြစ်လို့နေသည်။ နဂိုဗီဇကိုက မပွင့်လင်းတဲ့ ကလေးမို့ ဘာအခက်အခဲတွေ စိတ်ညစ်စရာတွေများရှိသလဲလို့ ချော့မော့မေးတော့လည်း မရပါ။ အဆင်ပြေသည်ဟုသာ ဆက်တိုက်ပြောနေပါသော်လည်း အမှန်တကယ် အဆင်မပြေသည်ကို မျက်နှာအမူအယာနှင့် အပြုအမူများတွင်အတိုင်းသား မြင်နေရပါ၏။

ရုပ်ပိုင်းဆိုင်ရာအရသာ သူ့အဖေနှင့်ဆင်၍ စိတ်ပိုင်းဆိုင်ရာကမူ သူမနှင့် တစ်ထပ်တည်းတူသည့် သားလေးမို့ သူမမှာအပြစ်လည်းမဆိုရက်။ ထို့ကြောင့် အရိပ်တကြည့်ကြည့်နှင့် အသေးအဖွဲလေးများကအစ ဂရုစိုက်ပေးရုံသာတတ်နိုင်လေသည်။

ယခုညစာစားပြီးသည့်အချိန်တွင်လည်း သားဖြစ်သူ စာလုပ်ရင်းစားနိုင်ရန် ဆန်မုန့်လုံးလေးများကို ကိုယ်တိုင်သေချာဂရုတစိုက်နှင့် ပြုလုပ်ပေးမိ၏။ သူမလုပ်ပေးသော အိမ်လုပ်ဆန်မုန့်လုံး အိအိလေးများကို ဂျောင်ဝန်းငယ်ငယ်ကတည်းက တခုံတမင်ရှိခဲ့သည်ပင်။

" ဂျောင်ဝန်းနီ...မေမေဝင်လာခဲ့မယ်နော် "

နောက်ပိုင်း သားဖြစ်သူ၏အခန်းထဲကို လက်လွတ်စပယ်ချက်ချင်းမဝင်တော့သော သူမသည် အသံအရင်ပေးပြီးမှ ဆန်မုန့်လုံးပန်းကန်လေးကိုကိုင်ရင်း အခန်းတံခါးဖွင့်ကာ ဝင်လာခဲ့၏။

သို့သော် စာရေးစားပွဲခုံလေးတွင် လူသူကင်းမဲ့နေကာ ဂျောင်ဝန်းအား အခန်းထဲတွင်မတွေ့ရ။

ဒီကလေး သန့်စင်ခန်းများ ဝင်နေတာလား။

" ဂျောင်ဝန်း သန့်စင်ခန်းထဲမှာလား "

" ဟုတ် မေမေ "

သူမ ထင်သည့်အတိုင်းပင် ပြန်ဖြေသံသဲ့သဲ့လေးက သန့်စင်ခန်းဘက်မှ ထွက်လာလေ၏။

" ဒီမှာ မေမေ ဆန်မုန့်လုံးလေးတွေ ထားပေးခဲ့တယ်နော်
စာလုပ်ရင်း စားရအောင် "

" ဟုတ် "

သူမ၏သားဖြစ်သူသည် သူမတွက်တော့ အမြဲတစေ ကလေးလေးသာဖြစ်ပြီး ထိုပြန်ဖြေသံသဲ့သဲ့လေးများကပင် သူမအားပြုံးရယ်စေနိုင်၏။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now