4

1.7K 195 4
                                    

' နေ့လည်စာစားတော့မှာလား
ကိုကို ကန်တင်းမှာဆောင်ဟွန်းနဲ့အတူ ရှိတယ်နော်
လာခဲ့မလား '

လွန်ခဲ့တဲ့ 5 မိနစ်ခန့်ကပဲ ဝင်နေတဲ့ message ကို ဂျောင်ဝန်းစစ်ကြည့်ပြီးတဲ့နောက်မှာ reply ကို ခပ်မြန်မြန်ရိုက်ပို့လိုက်ပြီး စာအုပ်တစ်ထပ်ကို ရင်ခွင်ထဲပိုက်သယ်လိုက်သည်။

' ကျွန်တော် ဆရာမရုံးခန်းထဲ အိမ်စာစာအုပ်တွေ သွားပို့လိုက်ဦးမယ် '

အတန်းခေါင်းဆောင်ဖြစ်ရတာလည်း အရမ်းကြီးတော့ လွယ်ကူမနေပါ။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကအစ အားလုံးကိုတာဝန်ယူလုပ်ဆောင်ပေးရသည့် အခြေအနေတွင် အနည်းဆုံးတော့ အတန်းဖော်တွေဆီမှ လေးစားမှုလေးရနေသေး၍ တော်သေး၏။ ဂျောင်ဝန်းသိရသလောက် အခြားအတန်းခေါင်းဆောင်တွေဆိုလျှင် ပင်ပန်းရသည့်ကြားထဲ အတန်းဖော်တွေက စကားနားမထောင်သဖြင့် ပိုစိတ်ညစ်ရသည်။ 

" ဆရာမ စာအုပ်တွေကို ကျွန်တော်ဒီမှာတင်ခဲ့လိုက်မယ်နော် "

" အော် ဂျောင်ဝန်း.. အင်းအင်း အဲ့နားလေးတင်ခဲ့နော် "

အုပ်ရေသုံးဆယ်ကျော်သော စာအုပ်ပုံကြီးကို စားပွဲပေါ်တင်ထားခဲ့ပြီးသည့်နောက် ပျော်ရွှင်စွာနေ့လည်စာသွားစားနိုင်ပြီဟု တွေးထားခဲ့သော ဂျောင်ဝန်း၏ စိတ်ကူးများသည် ဆရာမ၏ နာမည်လှမ်းခေါ်သံအဆုံးမှာ ကြေမွသွားရကုန်၏။

" အော် သတိရတုန်း ဆရာမဆွေးနွေးရဦးမယ် ဂျောင်ဝန်း "

ဂျောင်ဝန်းသည် စိတ်ထဲမသက်သာခံစားချက်နှင့်အတူ တိတ်တခိုး သက်ပြင်းချရင်း မျက်နှာအမူအရာကိုထိန်း၍   ခြေလှမ်းကိုနောက်ပြန်လှည့်လိုက်ရရှာသည်။

" ဟုတ်ကဲ့ ဆရာမ "

" ဒီနှစ် အထက်တန်း သင်္ချာအိုလံပစ်မှာ ဝင်ပြိုင်မယ့်စိတ်ကူးမရှိဘူးလား... ပထမနှစ်က အငယ်ဆုံးဖြစ်နေမယ်ဆိုပေမယ့် ဂျောင်ဝန်းရဲ့ သင်္ချာအရည်အချင်းနဲ့ဆိုရင် ဒုတိယနှစ်နဲ့တတိယနှစ်တွေကြား နေရာဝင်ယူဖို့မခက်လောက်ဘူးလို့ ဆရာမထင်တယ်နော် "

အမှန်တကယ်ဝန်ခံရလျှင် ဂျောင်ဝန်းက ပုံမှန်စည်းစနစ်ကျကျ စာလုပ်တတ်သည့်အကျင့်ရှိ၍သာ စာတော်သည့်ကျောင်းသားတစ်ဦးဖြစ်နေပေမယ့် ပြင်းထန်သည့်ရည်မှန်းချက်မျိုးတော့ မရှိ။ သူ့နေ့စဥ်ဘဝတွင် ပုံမှန်လေးကြိုးစားနေမှုသည် သူ့ကိုယ်ပိုင်စိတ်ကျေနပ်မှုကို အစာလုံလုံလောက်လောက်ကျွေးထားပြီးဖြစ်ရာ ပညာရေးအတွက် လွန်ကဲသောဖိအားများကိုသူမနှစ်သက်ပါ။ သို့ပေမယ့် ယတိပြတ်ငြင်းလို့လည်း အဆင်မပြေတာမို့ တော်သင့်ရုံအဖြေကိုသာပေးလိုက်၏။

ကြိတ်ပုန်း ကျောင်းတွင်းရည်းစားWhere stories live. Discover now