Unicode
Episode _ 6" အဘနဲ့အမေ ခဏလေး.. ခဏလေး "
" ဟာ ဒီကောင် ဘယ်နှယ့်ဇွတ်ဝင်နေရတာလဲ "
ဘုန်းကြီးကျောင်းနားရောက်ဖို့ သိပ်မလိုတဲ့အကွာမှာမို့ ကျုပ်လည်း အဘနဲ့အမေတို့နှစ်ယောက်ကြားကို ဇွတ်ဝင်လိုက်ပြီး အမေ့ရဲ့လက်မောင်းကိုဖက်ထားလိုက်သည်။ ဆယ်ကျော်သက်မို့ ကျုပ်အရပ်က အမေ့ထက်ပိုမြင့်နေတော့ အမေ့လက်မောင်းကိုခါးကြီးကုန်းပြီးတွဲထားတဲ့ကျုပ်ပုံစံက တော်တော်ကြည့်ရဆိုးလှသည်။
အဘက ကျုပ်ကိုစိတ်လေတဲ့ပုံစံနဲ့ကြည့်ပြီး ကျုပ်အနားကနေ ကပ်လိုက်လာသည်။ ကျုပ်သိတာပေါ့။ အဘက အပြင်ပိုင်းမှာသာ အပြောကြမ်းတာ၊ စိတ်ထဲမှာ ကျုပ်ကိုတော်တော်ချစ်တယ်ဆိုတာကို။
ဘုန်းကြီးကျောင်းမုဒ်ဦးပေါက်ရောက်တော့ ကျုပ် အမေ့လက်မောင်းကိုကိုင်ထားတဲ့လက်တွေကို ပိုပြီးတင်းအောင်ဖက်လိုက်တယ်။ အမှတ်မရှိတဲ့ကျုပ်မျက်လုံးတွေက ဟိုဘီလူးနှစ်ကောင်ရုပ်ထုကိုလှမ်းကြည့်မိသေးတာ။ အဲ့ဘီလူးနှစ်ကောင်ကလည်း ကျုပ်ကိုကြည့်နေသလို ခံစားရတယ်ဗျ။ ပြီးတော့ ဘီလူးနှစ်ကောင်ရဲ့မျက်လုံးတွေက အသက်ဝင်နေသလိုပဲ၊ ကျုပ်စိတ်ထဲမှာ အဲ့ဘီလူးနှစ်ကောင်က လှုပ်ရှားလာပြီး ကျုပ်ကိုတစ်ခုခုလုပ်တော့မယ်လို့ ထင်နေမိတယ်။
" ကဲ ဟေ့ကောင်... ရပြီ၊ ငါ့မိန်းမလက်ကို လွှတ်လိုက်တော့ "
" သိပါတယ်.. အဘကလည်း၊ သူ့မိန်းမကို လာပြီးတိုနေသေးတယ်...၊ အမေက အဘမိန်းမဆိုပေမဲ့ ကျုပ်အမေပါဗျ...၊ အဘရောက်နေတာ ဘုန်းကြီးကျောင်းနော်... "
" တယ်!.. ငါ ဖိနပ်နဲ့ကောက်ပေါက်လိုက်ရ "
" ဟ.. ဟား...၊ အဘရဲ့ဖိနပ်က မုဒ်ဦးဝမှာချွတ်ထားခဲ့ပြီလေ.. ဟား..... "
သီလပေးမဲ့ ဘဘုန်းကျောင်းဆောင်ပေါ်တက်တော့မှာမို့ ကျုပ်လည်း အဘကိုပြောပြီး ကျောင်းဆောင်ပေါ်တစ်ချိုးတည်းပြေးတက်တော့တာပဲ။
ကျုပ်ကျောင်းဆောင်ပေါ်ရောက်တော့ ဘဘုန်းက ကျောင်းဆောင်ပေါ်ကိုကြွမလာသေးဘူး။ ဘဘုန်းက ကျယ်ကျယ်ဝန်းဝန်းနဲ့သွပ်မိုးထားတဲ့နှစ်ထပ်ကျွန်းကျောင်းဆောင်ပေါ်မှာမနေဘဲ တစ်ပါးတည်း ထန်းရွက်တဲလေးမှာသီတင်းသုံးသည်။ ဒီကျောင်းဆောင်ကြီးရဲ့အောက်ထပ်က ကိုရင်လေးတွေအိပ်ကြတဲ့ဟောခန်းကျယ်ကြီးဖြစ်ပြီး အခုကျုပ်ရောက်နေတဲ့အပေါ်ထပ်ကတော့ အလွန်သပ္ပါယ်ကြည်ညိုစရာကောင်းလွန်းတဲ့ဘုရားခန်းရှိတယ်။ တရားပွဲရှိတိုင်း သီလပေးတိုင်း ဘဘုန်းက ဒီအပေါ်ထပ်မှာကျင်းပပေးလေ့ရှိသည်။

YOU ARE READING
စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင္ေပါက္
Diversos#CRD_PHOTO unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ