ဟိုရောက်ရင် ဖုန်းဆက်မှာလို့ပြောသွားတဲ့
ရစ်ခီက ဟိုရောက်ရောက်ချင်း
ရောက်ကြောင်းဖုန်းဆက်ပြောလာသည်။ ဒါပါပဲ။
နောက်ပိုင်းအဆက်သွယ်တွေတော့ နည်းသွားသည်။မနက်မိုးလင်းကတည်းက ညမအိပ်ခင်အထိ
အတူတူရှိလာပြီးမှ ဖုန်းထဲကနေပဲ စကားပြောရတာကို ဂယူဗင်းကသိပ်ပြီးနေသားမကျချေ။အဖော်မဲ့သွားလို့ ကျောင်းလည်း
ဂယူဗင်းကပုံမှန်မသွားဖြစ်တော့ပါ။
အတန်းဖော်တွေက "ရစ်ခီ ဘယ်လိုဖြစ်ပြီး
ကျောင်းပြောင်းသွားတာလဲ" ဆိုတဲ့
အမေးစကားတွေကိုလည်း ဂယူဗင်းက
လိုရင်းတိုရှင်းဖြေရတာကို မောလှသည်။အမှန်ဆို
အဲဒီကိစ္စကို ဂယူဗင်းက မေ့ထားချင်ဆုံးပဲ။အချိန်တစ်ခုရောက်တဲ့အခါမှာတော့ ရစ်ခီက
နေ့တိုင်းနီးပါး ဖုန်းဆက်တာမျိုးလည်း
မရှိသလို၊ဂယူဗင်းကလည်း နေ့တိုင်းဖုန်းဆက်တာမျိုးမရှိ။မျက်နှာချင်းဆိုင်တွေ့နေတုန်းက
ပြောစရာမကုန်သလောက် ဖုန်းဆက်တဲ့အချိန်မှာ ပြောစရာက များများစားစားမရှိ။ရစ်ခီ ကကျောင်းပြောင်းပြီး နေသားမကျဘူးဆိုတာကိုတော့ ဂယူဗင်းကသိရပါသည်။ဒါကိုလည်း
ရစ်ခီပြောပြထားလို့သာ။ ရစ်ခီက ဖုန်းထဲမှာ
သူ့အဲဒီမှာနေသားမကျကြောင်း၊
ပြန်လာချင်ကြောင်းတွေပြောမယ်၊
ဂယူဗင်းက အဆင်ပြေဖို့နှစ်သိမ့်ပေးမယ်၊
ပြီးတော့ ဂယူဗင်းက ဒီက ကိစ္စတွေနည်းနည်း
ပြန်ပြောပြမယ်။ အဲလိုနဲ့ပဲ သံသရာလည်နေပါတယ်။သစ်ရွက်တွေကြွေမယ်၊ပြန်ပွင့်လာမယ်၊
နှင်းကျမယ်၊နေပူမယ် ပြီးရင် ပြန်နှင်းကျမယ်။
ဥတုတွေအလီလီပြောင်းပြီးသွားတဲ့အခါမှာတော့
ရစ်ခီက ဖုန်းဆက်တဲ့ အကြိမ်ရည်နည်းသွားသလို၊ ပြန်လာချင်ကြောင်း၊အဆင်မပြေကြောင်းပြောတာတွေလည်းမရှိသလောက်ဖြစ်သွားသည်။ဂယူဗင်းကလည်း အလယ်တန်းတစ်နှစ်လုံး
အဖော်မဲ့နေသလို ခံစားခဲ့သလောက်၊
အထက်တန်းကျောင်းသို့ပြောင်းတဲ့အခါမှာ သူငယ်ချင်းအသစ်တွေရလာသည်။
ဒါပေမဲ့ ဂယူဗင်းအတွက်ကတော့
ရစ်ခီကိုခင်သလို ခင်ရတဲ့သူမပေါ်လာသေး။