Chapter-39

1.5K 125 0
                                    

စဉ်းစားလို့ ပြီးသွားရင် ပြန်လာရမယ်၊ သူက ပြန်လာဆိုတိုင်း ပြန်လာရမှာလား၊ သူမက အဲ့ဒီလောက် လွယ်နေလို့လား!

ဒါပေမဲ့...... သူ မနေ့ညက တကယ်ပဲ ဘာမှ မသိထားဘူးလား၊ သူ တကယ်ပဲ သူမနဲ့ တွဲချင်တာလား၊ တကယ်ပဲ...... သူမကို သဘောကျတာလား။

အတွေးတွေများနေရင်းနဲ့ပဲ ပြန်ဝင်လာခဲ့သည်။ ထမင်းစားချင်စိတ်လည်း မရှိတော့။ မျက်နှာကလည်း နီရဲနေပြီး အခန်းထဲကိုသာ တန်းဝင်သွားတော့သည်။

"ကွမ်းရှီး--" ဝေ့ရှိုးယန် လှမ်းအော်ခေါ်လိုက်သည်။

သူ့ခေါ်သံကို ပြန်ထူးလာတာဆိုလို့ တံခါးကို ဘန်းခနဲပိတ်လိုက်တဲ့အသံသာ ရှိလေ၏။

ဝေ့ရှိုးယန်က တူကိုချကာ အပြင်ကို ထထွက်သွားလိုက်သည်။ သူ အပြင်ကို ရောက်တဲ့အချိန် ကျန်းဆွေကျိုးက မပြန်ရသေးပေ၊ ဓာတ်လှေကားခလုတ်ကိုတောင် မနှိပါသေးဘဲ အဲ့ဒီနေရာမှာတင် ရပ်နေကာ ဘာကို အဲ့လောက်စဉ်းစားနေလဲမသိ။

ဝေ့ရှိုးယန်က တံခါးကို ပိတ်လိုက်ကာ သူ့ကို ကြည့်လိုက်ပြီး; "သူက လမ်းခွဲဖို့အတွက် ဆုံးဖြတ်ပြီးသွားမှတော့ မင်း သူ့ကို လက်လွှတ်ပေးလိုက်လို့ ရပြီမလား။"

ဝေ့ရှိုးယန်နဲ့ သူနဲ့က စကားပြောဖြစ်တာ အရမ်းရှားသည်။ သူ တိုက်ခန်းထဲကနေ ထွက်လာတာ မြင်လိုက်ကတည်းက ကျန်းဆွေကျိုး မျက်လုံးတွေ အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။

မင်း သူ့ကို လက်လွှတ်ပေးလိုက်လို့ ရပြီမလားတဲ့။

ဝေ့ရှိုးယန်ရဲ့ ဒီစကားဟာ ကျန်းဆွေကျိုးကို ကျောင်းသားဘဝက အချိန်တွေကို ပြန်သတိရသွားစေခဲ့သည်။ အဲ့ဒီအချိန်တုန်းကလည်း ဝေ့ရှိုးယန်က သူ့ကို အလားတူစကားမျိုး ပြောခဲ့ဖူးသည်၊ မင်း သူ့ကို မကြိုက်မှတော့၊ လက်လွှတ်ပေးလိုက်လို့ မရဘူးလားတဲ့။

အဲ့ဒီအချိန်တုန်းက သူ ဘယ်လိုပြန်ပြောခဲ့သလဲ။

သူပြောခဲ့တာက တကယ်လို့ သူမကြိုက်ဘူးဆိုရင်တောင်မှ သူမက သူနဲ့ အတူတူရှိကို ရှိနေရမှာပဲဆိုပြီးတော့ပေါ့။

အဲ့ဒီအချိန်မှာ ဝေ့ရှိုးယန်က အရမ်းတွေဒေါပွသွားခဲ့ပြီး သူ့ဆီကို တစ်ရှိန်တိုးပြေးဝင်ထိုးတော့သည်။ အဲ့ဒီရန်ပွဲက ကြည့်မလှရှုမလှပြီးဆုံးသွားခဲ့ပြီး နောက်ပိုင်း သူတို့နှစ်ယောက် စကားသိပ်မပြောဖြစ်ကြတော့ချေ။ တွေ့တိုင်း ခပ်တည်တည်နဲ့သာ နေကြပြီး တစ်ယောက်နဲ့တစ်ယောက် အဖတ်ကို မလုပ်ကြပေ။

Come To My Side (Myanmar Translation)Where stories live. Discover now