အပိုင်း - ၄

3.7K 125 4
                                    

Uni

.
.
.

ထိုအချိန်မှစ၍ ပိုးဟပ်ဖြူက သူ့ကို မေးထူးခေါ်ပြောသာ လုပ်တော့သည်မှာ ဆယ်တန်းနှစ်ရောက်သည်အထိပင်။ မခေါ်မပြောလုပ်သွားတာမျိုးမဟုတ်။ သူနဲ့မျက်နှာချင်းဆိုင်တွေ့လျှင် ပြုံးပြသည်။ မဖြစ်မနေပြောဖို့လိုလာလျှင်ပြောသည်။

အရင်ကလို တစ်ခုခုဖြစ်တိုင်း သူ့ဆီကို အားကိုးတကြီးမလာတော့တာပင်။ ကာကွယ်ပေးချင်မိတာမို့ လုပ်လိုက်ကာမှ သူ့ဆီပင်ရောက်မလာတော့။

" ခြည်ခြည် ''

ထမင်းစားကျောင်းဆင်းတော့ ပိုးဟပ်ဖြူကို သွားချောင်းချိန် ပရောပရီတစ်ကောင်က စာလာပေးနေတာမို့ စိတ်လေသွားရ၏။

" ဟင် ဘာလဲ ''

သကောင့်သားလက်ထဲက စာကိုကြည့်ပြီး ပိုးဟပ်ဖြူက သဘောပေါက်သွားဟန်တူသည်။

" ငါ ယူလို့မရဘူးဟ။ အဆောင်မှူးတွေ့ရင် ထုတ်ခံရလိမ့်မယ်။ နောက်မှပေးနော် ''

ပိုးဟပ်ဖြူက ပြုံးပြုံးလေးနဲ့ တစ်ဖက်လူအဆင်ပြေအောင် အငြင်းစကားဆိုလိုက်တာမို့ တပ်ခေါက်ထွက်သွားသည်။ ကျောင်းခန်းအပြင် ပြတင်းပေါက်ကနေ ရပ်ကြည့်နေတဲ့သူ့ကိုမြင်တော့ ပြုံးပြပြီး ထမင်းဆက်စားနေ၏။ သူကတော့ ပြန်မပြုံးပြနိုင်။ လှည့်ထွက်ခဲ့လိုက်သည်။
.
.

ကျော် ဘာဖြစ်ချင်နေမှန်း နေခြည်နားမလည်နိုင်တော့။ သူများတွေ တစ်မျိုးတစ်မည်သမုတ်ကြမှာစိုး၍ ဟုဆိုကာ ခပ်တန်းတန်းပဲ ဆက်ဆံကြဖို့ပြောခဲ့တဲ့သူက ဒီလိုနေတာကိုလည်း သဘောမကျနေတဲ့ပုံပင်။

ခြည်ခြည်လည်း ဘာမှထပ်မလုပ်ပေးနိုင်။ တကယ်တော့ ဒီလိုအခြေအနေဖြစ်နေတာလည်း တစ်မျိုးကောင်းသည်။ မဟုတ်လျှင် ကျော့်အမေက ဘာတွေလျှောက်ပြောဦးမလဲ မသိပေ။
.
.

ပိုးဟပ်ဖြူနေမကောင်းလို့ ကျောင်းမလာဟု ကြားရတော့ ကျော်နေမင်းစိတ်ပူမိသည်။ ပိုးဟပ်ဖြူ နေမကောင်းမဖြစ်တာ ကြာပြီ။ ညဘက်ကြီး အဆောင်မှာ အန်တာမို့ မနက် အိမ်ကို ဂိုက်ဆရာမက အိမ်ပြန်ပို့ရသည် ဟု ပြန်ကြားရ၏။

ပိုးဟပ်ဖြူ ကျောင်းပျက်နေတဲ့အတောအတွင်း သူလည်း နိုင်သလောက် စာကူးပေးထားသလို မိန်းကလေးတစ်ယောက် နှစ်ယောက်ကလည်း ဝင်ကူကြသည်။ ဆယ်တန်းနှစ်မှကို ပိုးဟပ်ဖြူက တစ်ပတ်တိတိကျောင်းပျက်၏။

မခွဲအတူWhere stories live. Discover now