အပိုင်း - ၃၀

3.6K 166 22
                                    

Uni
.
.

မဇင်မီက ဆိုင်ကို တနင်္ဂနွေနေ့လာမယ် ပြောထားတာမို့ ထွန်းလင်းတစ်ယောက် စနေနေ့ကတည်းက ဆံပင်ညှပ်ကာ နှုတ်ခမ်းမွှေးတွေပါ ညှိထားလိုက်သည်။ တနင်္ဂနွေနေ့ရောက်တော့ အလိုက်ဖက်ဆုံးလို့ ထင်ပြီး မီးပူကျိုးနေအောင် ထိုးထားတဲ့ အင်္ကျီပေါ်ကနေ မနေ့ကမှဝယ်ထားတဲ့ အေပရွန်အသစ်ကိုထပ်ဝတ်ကာ စျေးရောင်းရင်း စောင့်နေလိုက်သည်။

မီနူးအသစ်ကိုလည်း မဇင်မီကို အရင်ဆုံးကျွေးချင်တာမို့ မီနူးကတ်ထဲမှာပင် ထည့်မထားဖြစ်သေးပေ။ စျေးဝယ်သူလာရင် ချက်ပြုတ်ကျော်လှော်ပေးထားခဲ့ပြီး ဆိုင်ကို စားပွဲထိုးကောင်မလေးတွေနဲ့ ခဏထားခဲ့ကာ အိမ်ထဲဝင်၊ မှန်ကြည့်ကာ ခေါင်းဖြီးရသေး၏။

" ဦးထွန်းလင်း... ကြက်ခြေထောက်မာလာ တစ်ပွဲ တဲ့ ''

" အေ အေ လာပြီဟေ့ ''

ကောင်မလေးတစ်ယောက်လာခေါ်တာမို့ မှန်ကိုကြည့်ရင်း အဆီပြန်ချင်နေတဲ့မျက်နှာကို လက်နဲ့တစ်ချက်သပ်ကာ ထွက်လာခဲ့ပြီး စျေးရောင်းရပြန်သည်။

" ဦးထွန်းလင်း ''

" ဟေ... ''

" အိမ်ထဲ ခဏခဏ သွားပြီး ဘာလုပ်လုပ်နေတာတုန်း။ ဧည့်အဝင်များပါတယ်ဆို သူက ပျောက်ပျောက်သွားတယ် ''

အရင်ကဆို ဧည့်သည်တွေ အဆင်မပြေဖြစ်မှာစိုးလို့ စားပွဲထိုးလေးတွေကို ကိုယ်တိုင်ကြပ်မတ်ကာ ဆူငေါက်နေတဲ့လူက အခုတော့ ဆိုင်ထဲမနေလို့ အဆူခံနေရပြန်သည်။ ချစ်မိတဲ့ ဒုက္ခလို့ပဲ ကဗျာဆန်ဆန်ဆိုကြပါစို့ရဲ့။

ဆိုင်ထဲလာလိုက် အိမ်ထဲဝင်လိုက် ဆိုင်ရှေ့ထွက်လိုက်နဲ့ ဂဏာမငြိမ်တဲ့သူ့ကို ဆိုင်က ကလေးတွေက မျက်စေ့နောက်လို့နေကြတော့သည်။

" ဦးထွန်းလင်း... ရည်းစားမျှော်နေတာလား ''

" နင်တို့အသာနေစမ်းပါ ''

သူက ၃၆ နှစ်၊ ဆိုင်မှာ​က ၁၈ ၊ ၁၉ နှစ်လေးတွေမို့ တူဝရီးတွေလို ပြောမနာဆိုမနာဖြစ်နေကြသည်။ ကလေးတွေပြောရင်လည်း ပြောချင်စရာပေမယ့် သူကလည်း သူ့အပူနဲ့သူဖြစ်သည်။ မဇင်မီ ဆိုင်ကိုရောက်လာရင် ရုပ်ဆိုးနေမှာစိုး၍ အိမ်ထဲဝင် မှန်ကြည့်ရသည်က တစ်ကြောင်း၊ စျေးဝယ်တဲ့သူလာလို့ ကြော်လှော်ရောင်းရတာက တစ်ကြောင်း၊ အကယ်၍များ မဇင်မီဆိုင်ရှေ့ကဖြတ်သွားလျှင် လှမ်းခေါ်လိုက်ချင်လို့ ဆိုင်ရှေ့ထွက်စောင့်ရတာ တစ်ကြောင်း..... ပေါင်း သုံးကြောင်းပင်တည်း။

မခွဲအတူWhere stories live. Discover now