အပိုင်း-၇
"မိစူးရေ ဒါ အန်တီပိုးလုပ်မယ်။ တီလေးဖူးငုံကို ကူပေးလိုက်"
ဒေါ်ပိုးဥနွယ်က လာကူပေးဖို့ လုပ်နေသည့် မိစူးကို ပြောနေရင်းတစ်ဆက်တည်း လက်ကလည်း ဆန်ပြုတ်အိုးလေးကို မွှေနေသည်။ဒေါ်ကြီးဝင်း ရှိသော်ငြားလည်း မီးဖိုဆောင်ကို အိမ်က မိန်းမသားတွေကလည်း ဝင်နေကျမို့ မနက်တိုင်း မီးဖိုဆောင်လေးက စည်စည်ကားကား။
"ခဏနေ ကိုဘုန်းဆင်းလာရင် အဆင်သင့်ဖြစ်အောင် အုန်းနို့ခေါက်ဆွဲက ဟင်းရည်နွှေးထားလိုက်တော့နော် ဒေါ်ကြီးဝင်း။ကျွန်မ သားကို မနက်စာသွားကျွေးမှာမို့"
ရေးရီ ခြံထဲက ပန်းပင်တချို့ကို ရေလောင်းပေးပြီး မီးဖိုဆောင်ထဲဝင်လာတော့ လင်ဗန်းလေးကိုင်လျက် ထွက်လာသည့် ဒေါ်ပိုးဥနွယ်နှင့်ဆုံသည်။ဆန်ပြုတ်ပန်းကန်ကိုမြင်တော့ ရေးရီက မေးသည်။
"ဟင် ဦးဘုန်း နေမကောင်းလို့လား အန်တီပိုး။"
"ဦးဘုန်းမဟုတ်ဘူး ရေး...ရေ။ မင့် အစ်ကို။ မနက်က ဖုန်းခေါ်နေလို့ အန်တီပိုး သွားကြည့်တော့ ဖျားနေတာလေ။ဆရာဝန်မခေါ်နဲ့ ပြောပေမယ့် အန်တီပိုးကတော့ ခေါ်လိုက်ပြီ။ကဲ... သား သွား မနက်စာစားချည်တော့။"
ပြောပြီး ဒေါ်ပိုးဥနွယ်က အိမ်ပေါ်တက်သွားသည်။ အိမ်မှာက အများအားဖြင့် မနက်ပိုင်းက သူ့အလုပ်၊ကိုယ့်အလုပ် ကိုယ်စီရှိတာမို့ မနက်စာစားသည့်အချိန်က အမြဲတမ်းတော့ လူမစုံတတ်။
သမ္ဘာက ဖျားနေတာတဲ့လား။အဖျားရှိတာနှင့် ဖြူဝင်းနေသည့် မျက်နှာက နီမြန်းလျက် မှုန်တေတေရှိတတ်တာကို တွေးမိရင်း စိတ်ပူသွားမိသေးသည်။ မနေ့က မိုးပေါက်လေး နည်းနည်းထိတာနှင့် ဖျားရလောက်အောင် ဘယ်တုန်းကများ သမ္ဘာက အဲ့ဒီလောက်ထိ အားနည်းသွားပါလိမ့်။ ရေးရီ မစာမနာတွေးရင်း နှုတ်ခမ်းလေးမဲ့ပစ်လိုက်သည်။ ရေးရီကို လိုက်ရှာလို့ဖြစ်တာပေမယ့် မိုးရွာအောင် ရေးရီ လုပ်တာလည်းမဟုတ်သလို သူ့ကိုလည်း မိုးရေထဲ ရေးရီက လိုက်ရှာခိုင်းလို့လား။
"ရေးရီ.. ငရုတ်သီးထည့်မှာမလား"
ဒေါ်ကြီးဝင်းက ရေးရီရှေ့ အုန်းနို့ခေါက်ဆွဲပန်းကန်လေး လာချပေးရင်း တစ်ခါတည်း သံပုရာသီးညှစ်၊ ငရုတ်သီးပါထည့်ရင်း မွှေပေးသည်။ဒါတွေက ကိုယ့်ဘာသာလည်းလုပ်လို့ရပေမယ့် ရေးရီက ဒီအိမ်ရောက်ကတည်းက ချစ်မွှေးလေးမို့ အပျိုကြီးဖြစ်သည့် ဒေါ်ကြီးဝင်းကပါ ကလေးတစ်ယောက်ကဲ့သို့၊ သားတစ်ယောက်ကဲ့သို့ ချစ်ခင်ပေး၏။
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....