“morning ရေး။ ခေါင်းကြည်ရဲ့လား”
ရေးရီ အခန်းထဲက ထွက်ထွက်ချင်းပင် သမ္ဘာ့က အခန်းဝနားသို့ရောက်နေသည်နှင့် ကြုံသည်။ အပြုံးနှင့် နှုတ်ဆက်လာတာမို့ ရေးရီ ပြန်ပြုံးပြလိုက်ကာ
“နည်းနည်းလောက် နောက်တာပါ။ မနေ့က အများကြီး မသောက်လိုက်ဘူး။ ခု မနက် ကော်ဖီလေးတစ်ခွက်လောက် သောက်လိုက်ရင် အဆင်ပြေပါတယ်”
မနေ့ညက အသောက်များသည့် လူများကို အဖွဲ့ထဲက လုံးဝမသောက်တတ်သည့် တစ်ယောက်စ နှစ်ယောက်စက ဦးဆောင်ပြီး လိုက်ပို့ခဲ့ကြခြင်းဖြစ်သည်။ ရေးရီကတော့ တရားလွန် မူးမနေတာမို့ ဝေဖြိုးကို ပြန်ပို့ပေးပြီး အေးအေးသက်သာပဲ ကိုယ့်ကား ကိုယ် မောင်းပြန်လာနိုင်ခဲ့သည်။
“အင်း.. ကိုယ်ဖျော်ပေးမယ်လေ. လာ မနက်စာလည်းစားရအောင်”
သူတို့ ထမင်းစားခန်းထဲရောက်တော့ ဦးဘုန်းမြင့်မိုရ်နှင့် ဒေါ်ပိုးဥနွယ်ပဲ ရှိနေလေသည်။ သူတို့လာတာမြင်တော့ ဒေါ်ပိုးဥနွယ်က အပြုံးနှင့်ဆီးကြို၏။
“သားတို့ လာ.. ဒီနေ့ ရှမ်းခေါက်ဆွဲလုပ်ထားတယ်”
“မေမေ့လက်ရာပေါ့”
“ဒါပေါ့ သားကြိုက်တယ်မလား။”
ဒေါ်ပိုးဥနွယ်က သူကိုယ်တိုင်ပင် သမ္ဘာ့အတွက် ကိုယ်တိုင်ပြင်ပေးဖို့ လုပ်တော့ ရေးရီ ဝင်ကူလိုက်သည်။
“ရေး. ထိုင်နေလေ. အန်တီပိုး လုပ်ပေးမယ်”
“ကူပေးပါမယ် အန်တီပိုးရဲ့”
ရေးရီက ဘေးနားတွင်ပင်ရပ်လျက် လိုအပ်သည်များ ကူလုပ်ပေးသည်။ သမ္ဘာက ထိုင်နေရာမှ ထလာပြီး ကော်ဖီဘူးတွေတင်ထားသည့် စင်နားသို့ သွားကာ ကော်ဖီဖျော်သည်။ပြီးတော့ ခွက်လေးထဲ ထည့်ယူလာရင်း ရေးရီ ထိုင်နေကျ စားပွဲနေရာလေးတွင် တင်ထားလိုက်ကာ
“ရေး.. ကော်ဖီက ခေါက်ဆွဲစားပြီးမှတော့ သောက်နော်.. အစာမရှိဘဲနေလိမ့်မယ်”
“ဟင်.. အင်း..ပါ”
ဒေါ်ပိုးဥနွယ်က သူတို့နှစ်ယောက် တည့်တည့်ရှုရှုဖြစ်နေသည်ကို သဘောကျပြီး ပြုံးနေသည်။
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....