ဒေါ်ပိုးဥနွယ် အိမ်ပြန်ရောက်လာပြီးနောက် ဦးဘုန်းမြင့်မိုရ်၏သဘောထားက များစွာ ပျော့ပြောင်းလာခဲ့သည်။ရေးရီကိုလည်း အနည်းငယ်ပိုပြီးဂရုစိုက်ပေးလာသည်။ဖြစ်ခဲ့တာတွေကို ရေးရီကတော့ဖြင့် သမ္ဘာနှင့် ကြည်ဖြူပေးတာနှင့်တင် အားလုံးကို သင်ပုန်းချေနိုင်ပါသည်။ခုဆိုလည်း နှစ်ယောက်က မည်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ နှစ်ဦးတူတူ ကြိုက်သည့်အချိန် သွားလာလို့ရနေပြီး အနှောင့်အယှက်ဆိုသည်မှာမရှိ။
"ရေး.. ကိုယ်တို့ အနားယူဖို့နေရာလေး လှတယ်မလား"
စိမ်းစိုနေသည့် သစ်ပင်တွေနားက ကျောမှီခုံတန်းရှည်လေးတွင် နှစ်ယောက်တူတူထိုင်နေရင်း သမ္ဘာက စကားစသည်။
"ငါ ဆွဲထားတာပဲ လှတာပေါ့"
ရေးရီက မျက်စိရှေ့တွင် ပြီးစီးသွားပြီဖြစ်သည့် Paradise ဟုအမည်ရသည့် အိမ်ကလေးက ဝင့်ကြွားကြွားလေးရှိနေသည်။ဒီဇိုင်း အတိုင်း မြေပြင်တွင် တိတိကျကျပေါ်ပေါက်လာခဲ့သည်မို့ ရေးရီ သဘောတကျရှိနေမိသည်။
"နေပါဦး ခုနက ကိုယ်တို့ အနားယူဖို့လို့ ပြောလိုက်သလားလို့။ ဒါလည်း အစကတည်းက.."
'အင်း.. အစကတည်းက ရေးနဲ့ကိုယ့်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပဲ။ ရေးကို ဖွင့်မပြောရသေးပေမယ့်လည်း ကိုယ်က အဟွန်း.. အပိုင်တွက်ထားသလိုဖြစ်သွားတယ်"
ခေါင်းငုံ့ကာ ရှက်ရယ် ရယ်နေသေးသည့် သမ္ဘာ့ကို သဘောတကျဖြင့် ရေးရီ ကြည့်မိပါသည်။
"ဘာပဲဖြစ်ဖြစ် ငါပါနေမယ့် အိမ်ကို ကိုယ်တိုင်ဖန်တီးခွင့်ရတော့ တကယ်ပျော်တယ် သိလား"
သမ္ဘာက မျက်နှာ ပြန်မော့လာသည်။
"ဟိုတယ်ဝန်းထဲမှာဆိုပေမယ့် ဒီနေရာလေးကသီးသန့်လည်းဖြစ်တဲ့အပြင် အရှေ့မှာလည်း မင်းကြိုက်တဲ့ café ဆိုင်လည်းရှိတယ်။ သွားရလာရလည်း အဆင်ပြေတယ်ဆိုတော့ ဒီမှာ ကိုယ် ရွေးချယ်လိုက်တာ။ အနားယူဖို့သက်သက်ပါ။ကိုယ်တို့ နှစ်ယောက်တည်း နေမယ့်အိမ်က ထပ်ဆောက်မယ်"
'ဟင်.. တော်ပါပြီ။ အိမ်မှာကလည်း အခန်းတွေအများကြီးနဲ့အကျယ်ကြီးကို။ ပြီးတော့ ငါတို့နှစ်ယောက် အိမ်ကထွက်လာရင် တီလေးက တစ်ယောက်တည်း အထီးကျန်နေမှာပေါ့။ ဒီမှာလည်း ဆောက်ထားပြီးပြီပဲ။ သွားလိုက် လာလိုက် နေကြရအောင်ပါ။ ပိုက်ဆံပေါမှန်း သိတာမို့ တော်ပါတော့..."
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....