“လူနာက တစ်ရက်နှစ်ရက်လောက်တော့ ဆက်နေရဦးမှာ။ဆေးလည်းထိုးရဦးမှာကို ဘယ်ရောက်သွားတာလဲဗျာ”
နေ့လယ်လောက်တော့ ပြန်လာမည်ထင်ကာ ရေးရီ ဆေးရုံမှာပဲ စောင့်နေရင်း ကိုယ်တိုင်ဖြတ်ရမည့် အလုပ်ကိစ္စလေးတွေ ဖုန်းပြောနေသည်ကြောင့် နေ့လယ်က ရောက်မှန်းမသိ ရောက်လာခဲ့ချိန်တွင် သမ္ဘာက ပြန်ရောက်မလာ။
“ဟို အလုပ်လေးရှိလို့ ခဏပြန်သွားခဲ့တာပါ ဒေါက်တာ. ကျွန်တော် ပြန်သွားခေါ်ခဲ့ပါ့မယ်”
ရေးရီ ဆေးရုံက နေ ထွက်လာခဲ့လိုက်သည်။ သမ္ဘာ့ကိုဖုန်းခေါ်တော့ ဝင်ရဲ့သားနှင့် မကိုင်။ ထုံးစံအတိုင်း လွင်မင်းကို ခေါ်တော့ လွင်မင်းက တခြားနေရာတွင် အလုပ်ကိစ္စဖြင့် ရောက်နေသည်။ရေး သက်ပြင်းတချချဖြင့်သာ မြင့်မိုရ် ဟိုတယ်သို့ မောင်းလာခဲ့တော့သည်။ငယ်တော့တာလည်း မဟုတ်ပါဘဲနှင့် စိတ်ဆိုးသည်နှင့် ဆေးရုံကိုလည်း ပြန်မလာ၊ ကိုယ့်ကျန်းမာရေး ကိုလည်း စိတ်မပူတတ်သည့် သမ္ဘာသည် တကယ်ကို တတ်နိုင်လွန်းလှသည်။
ဟိုတယ်ရောက်သည်နှင့် သူဘယ်မှာ ရှိနေမှန်း ရေး ခန့်မှန်းမိပြီးသားမို့ Reception တွင် အတည်ပြုရင်း သုံးလွှာတွင် ရှိသည့် မြင့်မိုရ်ဟိုတယ်၏ VVIP အခန်းတစ်ခုသို့ တန်းတက်လာခဲ့လိုက်သည်။ လူခေါ်ဘဲလ်ကို နှိပ်လိုက်ပေမယ့် အထဲက ဖွင့်မလာ။ တံခါး ကို သူ နှစ်ချက်လောက် ထုလိုက်ကာ အသံအနည်းငယ်မြှင့်လျက်….
“သမ္ဘာ တံခါးဖွင့်ပေးဦး မင်းအထဲမှာ ရှိတာ ငါသိပြီးမှ လာတာ”
အထဲက မည်သည့် တုံ့ပြန်သံမှ မလာ။ ရေးရီလည်း ဖုန်းထုတ်လျက် message တစ်ကြောင်းလောက်ပို့လိုက်တော့သည်။
မင်းလျစ်လျူရှုဦးမလား ကြည့်ရအောင် သမ္ဘာ။
“မင်း တံခါးမဖွင့်မချင်း ငါ ဒီတိုင်း ရပ်စောင့်နေမှာ။ မနေ့ညကလည်း ကောင်းကောင်းအိပ်မပျော်ဘူး။ အကြာကြီး မတ်တပ်ရပ်လို့ မူးလဲသွားလည်း စောင့်နေဦးမှာ”
စာပို့ထားပြီး စိတ်ထဲကနေ တစ်နှစ်သုံးလေး ရေနေလိုက်သည်။ ငါးအထိ မပြည့်ခင်မှာပင် အခန်းတံခါးက ပွင့်လာတာမို့ သူ မမြင်ခင် ရေးရီ လှစ်ခနဲပြုံးလိုက်သေး၏။တံခါးဖွင့်ပေးပြီး အခန်းထဲပြန်ဝင်သွားသည်မို့ ရေးရီ လိုက်ဝင်လိုက်ရင်း အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။
VOCÊ ESTÁ LENDO
ချစ်အတွက် မနက်ဖြန်
Não Ficçãoအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....