ညအတော်လေး မိုးချုပ်ကာမှ ရေးရီ လမ်းမကြီးပေါ်တက်၍ အငှားကားစောင့်ကာ တားစီးလျက် အိမ်ပြန်လာခဲ့သည်။ ဖုန်းတွင်လည်း အဆင်ပြေလား ရောက်ရင်ဖုန်းဆက်ဖို့ ပြောထားသည့် သမ္ဘာ့ message တွေက အဆက်မပြတ်။ အတိတ်တုန်းက သူ တစ်လမ်းလုံးအိပ်ပျော်လာခဲ့ပြီး လေဆိပ်ရောက်မှ ဦးညို လာနှိုးသည်ကိုပဲ မှတ်မိသည်။ဒီအပိုင်းမှာ လွတ်နေခဲ့သည့်အခြေအနေတွေကို သူ လုံးလုံးမသိခဲ့သလို ဦးညိုဆိုတာကလည်း သံသယဝင်စရာကောင်းသည့်သူမျိုး မဟုတ်။ သို့ပေမဲ့ အရာအားလုံးကို ချင့်ချိန်စဉ်းစားနေသည့် ခုချိန်ကာလတွင် ရေးရီ သတိပြုမိလို့သာ တော်သေးသည်။
မြင့်မိုရ်စံအိမ်ကြီးရှေ့ရောက်တော့ ကားခရှင်းပေးပြီး ကားပေါ်က ဆင်းလိုက်သည်။ခြံဝန်းဂိတ်တံခါးနားက ဦးညိုက ရေးရီကို မြင်တော့ မျက်နှာအပျက်ပျက်ဖြင့် တံခါးဖွင့်ပေး၏။
"ကျွန်တော် ပြောခိုင်းတဲ့အတိုင်း ပြောလိုက်တယ်မလား"
"ပြောလိုက်ပါတယ် ရေးရီ။ ဦးညို တကယ်တောင်းပန်ပါတယ်။ ဆရာက ဦးညို မြေးလေးကို နိုင်ငံခြားမှာ ကျောင်းပေးတက်ပြီး အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောတာနဲ့။ ဦးညို မှားမှန်းသိပါတယ်။ ဒါပေမဲ့ မိဘတွေ မရှိရှာတော့တဲ့ ဦးညိုမြေးလေးက ဦးညိုသာ မရှိရင် လောကကြီးမှာ တစ်ယောက်တည်း ဒုက္ခပင်လယ်တွေဝေနေရမှာစိုးလို့ပါကွယ်"
ဦးညိုက မျက်ရည်တွေကျလျက် တောင်းပန်သည်။ ရေးရီ ခံစားချက်မဲ့နေသည်လား ထုံနေသည်မလား မသိ။ ဘာမှ ပြန်မပြောခဲ့ဘဲ အိတ်ကို ဆွဲလျက် အိမ်ထဲသာ ဝင်လာခဲ့သည်။ညလူခြေတိတ်ချိန်မို့ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်။ အိမ်တံခါးကို ကိုယ့်ဘာသာ ဖွင့်လျက် ရေးရီ အထဲဝင်လာခဲ့သည်။ရေးရီ ကိုယ့်အခန်းဘက် ကိုယ် သွားကာ အိတ်ပြန်ထားလိုက်ပြီးမှ သမ္ဘာ့အခန်းဘက်ကို လျှောက်လာလိုက်သည်။
တံခါးကို ဖွဖွခေါက်တော့ မကြာခင်ပဲ ပွင့်လာကာ သမ္ဘာ့မျက်နှာကို မြင်ရ၏။သူ့ကိုမြင်တော့ သမ္ဘာက သိပ်ကို အံ့ဩသွားသည်။
"မအိပ်သေးဘူးလား"
ရေးရီကအထဲကို ဝင်လိုက်ပြီးမှ တံခါးကို ကိုယ်တိုင်ပဲ ပြန်ပိတ်လိုက်သည်။ သမ္ဘာက တံခါးနားတွင် ခပ်မတ်မတ်ရပ်လျက် မျက်နှာက ပျက်ယွင်းနေသည့် အနေအထားနှင့် ရေးရီကို ခဏစိုက်ကြည့်နေပြီးမှ တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ပစ်လိုက်တော့သည်။
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....