အပိုင်း-၂၂
ညနေစောင်းတွင် ဒေါ်ပိုးဥနွယ်ထံမှ အဆက်အသွယ်ရပြီဟု ဒေါ်ဖူးငုံ ဖုန်းဆက်လာလျှင် ချက်ချင်းပင် သမ္ဘာသည် ရေးရီကို ရုံးတွင် ဝင်ခေါ်ပြီး လိပ်စာတစ်ခုထံ ရောက်ရှိလာခဲ့သည်။ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုတွင်ပင်ဖြစ်ပြီး သံပန်းတံခါး အပြာလေးနှင့် လှမ်းမြင်နေရသည့် တစ်ထပ်အိမ်ကျစ်ကျစ်ကလေးက နေချင့်စဖွယ်။ နှစ်ယောက်သား ခြံရှေ့တွင် စူးစမ်းနေကြရင်း လူခေါ်ဘဲလေးကို တီးလိုက်တော့ ကောင်မလေးတစ်ယောက် ပြေးထွက်လာသည်။
"အစ်ကိုလေး သမ္ဘာလား"
"အင်း၊ မေမေရှိတယ်မလား"
ကောင်မလေးကို မမြင်ဖူးပေမယ့် ထိုကောင်မလေးက သမ္ဘာ့ကိုသိနေသည်နှင့်တူသည်။ ခြံတံခါးကိုဖွင့်ပေးလိုက်တော့ သမ္ဘာ က ကားထဲပြန်ဝင်ပြီး ခြံထဲသို့မောင်းဝင်လိုက်သည်။ ရေးရီကတော့ လမ်းလျှောက်ဝင်လာရင်း ခြံထဲကို ဝေ့ဝဲကြည့်မိသည်မှာ လုံးဝကို စိတ်ချမ်းသာဖွယ်ရိပ်မြုံလေးဖြစ်သည်။ ပန်းပင်တွေချည်း စိုက်ပျိုးထားကာ လူက ပန်းရနံ့ကြည်ကြည်လေးတွေဖြင့် ထုံလွှမ်းလျက် စိတ်က တမုဟုတ်ချင်း အေးငြိမ်းသွားရသည်။
နှစ်ယောက်အတူ အိမ်ထဲဝင်လိုက်တော့ ထမင်းစားခန်းဟု ထင်ရသည့်အခန်းကနေ ဒေါ်ပိုးဥနွယ်၏အသံလေး ထွက်ပေါ်လာသည်။
"ကလေးတွေ.. မေမေ ဒီမှာ အထဲလာကြ"
ထိုအခန်းထဲဝင်ခဲ့တော့ ဒေါ်ပိုးဥနွယ်က ဟင်းပန်းကန်တွေကို ထမင်းဝိုင်းတွင် တည်ခင်းနေသည်။ စောစောက တံခါးလာ ဖွင့်ပေးသည့် ကောင်မလေးက နောက်မှ ဝင်လာကာ ကူလုပ်ပေးလေသည်။
"မေမေ."
သမ္ဘာ့ကိုကြည့်လာသည့် ဒေါ်ပိုးဥနွယ်က နွမ်းခနဲဖြစ်သွားသည့် မျက်နှာလေးကို ပြန်လည်ပြင်ဆင်ပြုံးပြသည်။
"ထိုင်ကြလေ. ရေးရီရော ထိုင်.. မေမေ သားတို့လာမယ်ဆိုတာသိလို့ ဟင်းနည်းနည်းချက်နေတာ။လာ.. စားလို့ရနေပြီ"
ဒေါ်ပိုးဥနွယ်က အရင်ဝင်ထိုင်လိုက်တော့ သမ္ဘာနှင့် ရေးရီလည်း ဝင်ထိုင်လိုက်သည်။ သမ္ဘာ မေမေ့ကို မျက်တောင်မခတ်စတမ်း ကြည့်မိသည်။ မျက်နှာလေး အနည်းငယ်နွမ်းနေတာကလွဲလို့ ဒေါ်ပိုးဥနွယ်သည် ကြည်ကြည်လင်လင်နှင့် လှပနေဆဲဖြစ်သည်။
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....