သော့ခတ်ထားခြင်းမရှိသည့် ခြံတံခါးကြောင့် ကားဟွန်းတီးနေသော်လည်း အထဲမှ မောင်ထွက်မလာသည်မို့ ကိုယ့်ဘာသာဖွင့်ကာ ကားကိုခြံထဲသွင်းကာ ခြံတံခါးကို နောက်တစ်ကြိမ်ပြန်ပိတ်ရပြန်သည်။အခုချိန်ထိ နုမြင်ချင်တဲ့ မောင့်ကိုမတွေ့ရသေးပေ။အိမ်ထဲဝင်လိုက်သည်နဲ့ ဧည့်ခန်းမှာ မြင်ရသည့် အရာတွေကြောင့် နု မျက်စိပင်ရှုပ်ရသည်။ဘီယာဘူးခွံတွေ၊ခေါက်ဆွဲဘူးတွေက ဟိုတစ်စဒီတစ်စ။ဘီယာနံ့တွေသည်လည်း ထွက်နေသည်မို့ လန်းဆန်းနေတဲ့ စိတ်ပင်မူးနောက်ချင်သလိုနဲ့မို့ နုအတွက်အဆင်မပြေလှပေ။
မောင့်ကိုမတွေ့တာမို့ အပေါ်ထပ်အခန်းဆီကို ဦးတည်မိလေသည်။အခန်းတံခါးဖွင့်ဖွင့်ချင်း နှာခေါင်းဝဆီကို တိုးဝင်လာသည့်အနံက ခေါင်းမူးရုံတင်မကဘဲ နုအဖို့ ပျို့အန်ချင်စရာပင်ကောင်းလွန်းသည်။ကုတင်ထက်၌ ဖြစ်သလိုအိပ်နေတဲ့ မောင့်ဆီကိုသွားမိကာမှ အနံ့က ပိုပြင်းလာလေသည်။မောင့်ဆီက အနံ့ဆိုတာ နုအသေအချာသိလိုက်သည်မို့ စိတ်ထဲတစ်မျိုးခံစားလိုက်ရသည်။
"မောင် ထတော့။ရှစ်နာရီတောင်ရှိနေပြီလေကွာ"
မောင့်ခန္ဓာကိုယ်က လူးလိမ့်နေသော်လည်း မျက်လုံးတွေတော့ပွင့်မလာပေ။
"မောင် ထတော့လို့ဆို"
ဒုတိယအကြိမ်မှသာ မောင့်မျက်ဝန်းတွေက ပွင့်လာလေသည်။မျက်နှာကကြည်လင်ခြင်းမရှိပဲ နွမ်းလျနေသည်က နုအတွက် စိတ်ပူစရာပင်။
"အန်တီ ပြန်လာပြီလား"
"ဘာတွေလုပ်ထားတာလဲမောင်ရယ်။တစ်ခန်းလုံးလည်း ဘီယာနံ့တွေမွှန်ထူနေတာပဲ။ဧည့်ခန်းထဲမှာလည်း ရှုပ်ပွနေတာပဲ။တို့တော့ မြင်လိုက်ရတာ စိတ်ကိုမချမ်းသာဘူး"
"အန်တီ"
နုလက်တွေကို ဆုပ်ကိုင်နေသည့် မောင့်မျက်နှာဟာ နွမ်းလျကာ မျက်လုံးတွေကလည်း အနည်းငယ်ရဲလို့နေသည်။
"ညက သောက်ထားတာလား။ဘူးခွံတွေလည်းအများကြီးတွေ့ခဲ့တယ်"
"အင်း မောင် ညက နည်းနည်းသောက်လိုက်မိတယ်"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Completed)