1

47 2 0
                                    

၁၃၈၂ ခု

​ဇီဇဝါပန်းများ၏ သင်းပျံ့မှု...စံပယ်ပန်းများကလည်း လှပစွာ ပွင့်လန်းနေသည့် ဥယျာဉ်ကြီး။ နွေဦးကံ့ကော်များကလည်း အပင်တိုင်းတွင် နေရာယူထားကြပါသည်။

ထိုပန်းမန်များ၏ ဘေးရှိ ရေကန်ကြီးသည်လည်း ကြာမျိုးငါးပါးနှင့် မပြတ်လပ်ပါ။ တာဝတိံသာ နတ်ပြည်က နန္ဒာကန်နှင့်ပင် တူသည်ဟု အောက်မေ့ခဲ့ဖူးသည်။ ရေကန်ကြီးဘေးတွင် အစိမ်းရောင်အရွက်များဖြင့် နေခြည်ထိုးမဖောက်လောက်အောင် ခက်ဖြာနေသည့် ကုက္ကိုပင်ကြီးရှိသည်။

ကျွန်တော် အခြားပန်းမန်များကို လျစ်လျူရှုကာ ကုက္ကိုပင်ကြီးကိုသာ ရွေးချယ်လိုက်သည်။ ရေကန်အစပ်တွင် မြင်ရသည့် ကျွန်တော့်အသွင်အပြင်က အလွန်အားနည်းသည့် သတ္တဝါပုံစံပေါက်သည်။ အဖြူရောင်အမွှေးအမျဉ်များနှင့် ကျောပြင်တွင် အနက်ရောင်အမွှေးများက စုကာပေါက်နေသည့် အတွက် အလုံးသဖွယ်ဖြစ်နေသည်။ နှုတ်ခမ်းမွှေးများက လည်း မီးလောင်ခြင်းမရှိသည့် အတွက် ရှည်လျားစွာ သန်စွမ်းနေသည်။ အဝါရောင် မျက်လုံးများကြောင့်လည်း အများကို ကြည့်လျှင် မကြိုက်ကြ။ ကျွန်တော်ဟာ အားနည်းသည့် ကြောင်တစ်ကောင်သက်သက်။

ကျွန်တော် လူအသွင်ပြောင်းလိုက်သော်လည်း ဆံပင်များကတော့ အဖြူရောင် ရှိနေဆဲ။ ကျယ်ဝန်းသည့် အဝါရောင် မျက်လုံးများကလည်း အများနှင့်မတူ။ အုန်းခွံရောင် အင်္ကျီနှင့် ထုံးဖွဲ့ထားသည့် အဖြူရောင် ဆံပင်များကသာ လူနှင့် တူချင်သည်။ ကျွန်တော် လူမဟုတ်တာက တကယ်ပြဿနာပါပဲ။

ငွေရောင် ရေကရားလေးကို ကိုင်ကာ အပင်ခြေရင်းတွင် ထိုင်လိုက်သည်။ ရွက်သစ်များကြားမှ ရှားပါးစွာ ကြွေလွင့်လာသည့် ရော်ရွက်ငယ်များ။ ဤရွက်ကြွေများကို ကြည်ဖြူစွာ ဖမ်းယူဆုပ်ကိုင်မည့် ဤဥယျာဉ်ပိုင်ရှင်် မင်းသမီးလေးက မရှိတော့။ မရှိတော့ဘူးဆိုတာ လက်ခံလိုက်ရန် အချိန်၃နှစ်မျှ ယူလိုက်ရသည်။ သူမ၏ အငွေ့အသက်ကလေး ကျန်ရစ်နေဦးမည့် ဥယျာဉ်ကြီးသည် လာရောက်မည့်သူမရှိ။ဤ ဥတ္တရကုရုတိုင်းပြည်တွင်
မင်းကြီးနရဗလစည်သူ အုပ်ချုပ်သည့် အချိန်မှ စ၍ ဤဥယျာဉ်ကို ပိတ်ထားခဲ့လိုက်သည်။ ကျွန်တော်သည်လည်း နောက်ဆုံးတစ်ခေါက်ရောက်လာခြင်း ဖြစ်သည်။

ငယ်ချစ်ပုံပြင်Where stories live. Discover now