"ဝေဠုမာန်က လူမဟုတ်ဘူး..."
စကားဝါပန်းရနံ့၏ မွှေးပျံ့ခြင်းက ကျွန်တော့်ကို စိတ်မချမ်းသာစေပါ။ စိမ်းလမ်းသည့် မြက်ခင်းပြင်ပေါ်တွင် ခံစားချက်မပါသည့် မျက်လုံးများက အေးစက်သည့် အကြည့်။ ကျွန်တော့် ဆံပင်အဖြူရောင်များက ရေတစ်စက်စက်ကျနေသော်လည်း တစ်ကိုယ်လုံးတွင် စိုရွှဲနေသည့် ရေများထက် သူမ၏ အေးစက်သော လေသံက ခန္ဓာတစ်ခုလုံးကို ရေခဲရိုက်ထားသလို ဖြစ်သွားသည်။
မင်းသမီးလေး၏ စကားသံကြားတော့ ကျန်သူများက ရေကန်ကြီးတွင် စုပြုံနေရာမှ ကျွန်တော့်ဆီ အကြည့်ရောက်လာသည်။
ကျွန်တော်လူ မဟုတ်တာက ဘာအပြစ်ရှိလို့လဲ....
နေရာတွင် ပျောက်ကွယ်သွားချင်သော်လည်း စိုစွတ်နေသည့် ခြေထောက်များက အမြစ်တွယ်နေပြီလားမသိ။
"အသက်၂၀မှာ သေဆုံးမယ့် ကြောင်တစ်ကောင်ကို ဘယ်သူကမှ ချစ်ကျွမ်းဝင်မှာ မဟုတ်ဘူး...."
ကျွန်တော် ခြေခေါက်လဲကာ ပြိုလဲကျသွားသည်။ ကျန်သော လူသားများ၏ ဟားတိုက်ရယ်သံများကို ကြားနေရသလိုလိုပင်။
ဘာလို့လဲ...ဒီလောက် ရက်စက်တဲ့ စကားတွေကို ပြောနေတဲ့ လူက မင်းသမီးလေး ဖြစ်နေရတာလဲ...
အမှောင်ထုက ကျွန်တော်ကို တစတစဝါးမြိုသွားသည်။ အသက်ရှူကြပ်လာကာ လက်တစ်ဖက်က ရင်ဘတ်ကို ဖိထားလိုက်ရသည်။
မဟုတ်ဘူး.......
ချွေးစေးများပြန်နေသည့် နွေဦးရာသီ၏ မနက်ခင်း။ မိုးစင်စင်လင်းနေကာ ပတ်ဝန်းကျင်က မှောင်၍ မနေခဲ့။ အာ...ကျွန်တော် အိပ်မက်မက်နေတာပဲ ဖြစ်မှာပါ။
မျက်နှာသစ်လိုက်စဉ် မှန်ထဲတွင် ရှိသော နွမ်းလျလျမျက်နှာနှင့် အရောင်မှိန်နေသည့် အဝါရောင်မျက်လုံးများ။
မင်းသမီးလေးက အိပ်မက်ထဲမှာ ပါလာတာကိုပဲ ဝမ်းသာပါသည်။ သူမပြောတဲ့ စကားတွေက ဘဝတစ်လျှောက်လုံးမှာ အနာကျင်ဆုံး ဖြစ်ခဲ့ပေမဲ့ပေါ့။ သူမ မျက်နှာကို ဘယ်နှကြိမ်စဉ်းစားစဉ်းစား ပြန်လည်း မမှတ်မိတော့သည့် အတွက် အိပ်မက်ဆိုလျှင်ပင်အဆင်ပြေပါသည်။ အိပ်မက်ဆိုးလို့လည်း မသတ်မှတ်နိုင်ပါ။ ကျိန်စာလို့လည်း မယူဆချင်။ အသက်၂၀ ပြည့်ဖို့ လပိုင်းသာ လိုတော့သည့် အတွက်လည်း ဖြစ်နိုင်သည်။ သူမကို သတိရနေသည့် အတွက်လည်း ဖြစ်နိူင်သည်။

YOU ARE READING
ငယ်ချစ်ပုံပြင်
أدب المراهقينအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ