သွားရည်ကျလောက်အောင် စွဲဆောင်နိုင်လွန်းသည့် ငါးကြော်အနံ...
မျက်စိဖွင့်လိုက်သည်နှင့် ပထမဆုံး တန်းမြင်ရသည့် အဖြူရောင် မျက်နှာကြက်...
ပြတင်းပေါက်မှ အပြာရောင် ခန်းစီးစကို ကျော်ဖြတ်ကာ တိုက်ခတ်နေသည့် လေနုအေးလေး...
တမန်လွန်ဆိုတာက တကယ်တမ်းတော့ သာမန်ပဲ ထင်ပါသည်။
မူးဝေနေသော ခေါင်းက ကျွန်တော့်ကို ချာချာလည်နေစေသည်။ ခြေလက်များကလည်း ပျောက်ကွယ်သွားသကဲ့သို့ အောက်မေ့ရကာ ခံစားချက်ကင်းမဲ့နေသည်။
"နိုးပြီလား..."
ငါးကြော်ထည့်ထားသည့် ပန်းကန်အသေးလေးနှင့် အတူရောက်လာသည့် သူမ။ ခြေသလုံးတစ်ဝက်တွင် ဝဲကျနေသည့် အဖြူရောင် ဂါဝန်နှင့် ကျောတစ်ဝက်ခန့်တွင် ဖြောင့်စင်းနေသည့် ဆံနွယ်ရှည်ရှည်။ သနပ်ခါးပါးကွက်ကြားလေးက တစ်ဖက်နှင့် တစ်ဖက်မညီသော်လည်း ကြည့်ကောင်းနေသည့် ကျွန်တော့်ရဲ့ အသက်သခင်။
"နွေလပြည့်စုံ..."
ကျွန်တော် လေးဘက်ထောက်ပြီး ထလိုက်သော်လည်း ေခြလက်တို့က ခွေကျသွားသည်။ ယခုမှ ကျွန်တော့် နဖူးတွင် ပျံ့ကျဲနေသည့် အဖြူရောင် ဆံစများ မရှိဘဲ အဖြူရောင် နှုတ်ခမ်းမွှေးများသာ ရှိနေသည်ကို သတိထားမိသည်။ ကျွန်တော် မူလပုံစံကို ပြန်ရောက်သွားတာပါပဲ။
"အခုမှ နိုးလာတာကို ထချင်တာလား အလုံး"
ချိုသာသော စကားသံက အလုံးဆိုတဲ့ ခန္ဓာကိုယ်အတွက်သာ ဖြစ်သည်။ မေတ္တာထားတတ်သူဖြစ်သော်လည်း ဝေဠုမာန်ကိုတော့ မရှိပါလေ။
ကျွန်တော် မျက်နှာငယ်လေးနှင့် အိပ်ယာခင်းပါးလေးပေါ်တွင် ပြန်ဝပ်နေလိုက်သည်။ အနားတွင် ကျွန်တော်သောက်ရန် ရေခွက်များနှင့် ငါးကြော်ပန်းကန်ပါ ချထားပေးသေးသည်။
"အရင်စားလိုက်ဦး..."
အငမ်းမရ စားသောက်လိုက်ချင်သော်လည်း မစားနိုင်ပါ။ အနည်းငယ်မျှသာ စားသောက်ပြီးနောက်တွင် ရေသောက်ကာ အခင်းပေါ်တွင် ပြန်အိပ်ရန်ပြင်သည်။ သို့သော် သူမက ဘယ်ပျောက်သွားပြန်တာလဲ။

YOU ARE READING
ငယ်ချစ်ပုံပြင်
Подростковая литератураအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ