6

7 3 0
                                    

နွေဦးရာသီ၏ ပြတင်းပေါက်မှ တစ်ဆင့် တိုက်ခတ်လာသည့် လေနုအေးလေး။ ထိုလေအေးနှင့် အတူ လွင့်နေသည့် ဖြူလွလွ ခန်းစီးစက သည်တစ်ကြိမ်တွင်တော့ ကျွန်တော့်ကို မခြောက်ခြားစေတော့ပါ။ နံနက်၆နာရီ အချိန်က အိပ်ခန်းအတွင်းတွင် လုံလောက်သည့် အလင်းရောင်ကို ပေးနိုင်လေသည်။ ကျွန်တော်ကတော့ မနက်၄နာရီတည်းမှ နိုးနေပြီး ဖြစ်သည်။

ညအိပ်ဝတ် ဂါဝန်ရှည်ဖြင့် သိမ်မွေ့စွာ အိပ်မောကျနေသေးသည့် သခင်။ အသက်ရှူသံက နားပါးသည့် ကျွန်တော်မကြားရလောက်ပင် တိုးလျလျ။ မနက်ခင်းတွင် ပွင့်လန်းလာသည့် အပန်းရောင် နှင်းဆီနှင့် တင်စားရလောက်အောင် သူမနှုတ်ခမ်းလေးက လှရက်လွန်းသည်။ မျက်တောင်မွှေးများကလည်း ကော့ညွတ်နေရာ မျက်ခုံးမွှေးများသည်လည်း အခြားမိန်းကလေးများကဲ့သို့ ပြုပြင်ဖန်တီးစရာမလို။ ကျွန်တော့်သခင်က မျက်နှာမသစ်ထားသည်တောင် တစ်လောကလုံးတွင် အလှဆုံးဖြစ်သည်။ ဖြောင့်စင်းနေသည့် ဆံနွယ်များကလည်း သူမအလှကို မဟာဆန်သွားစေသည်။

နှာတံစင်းစင်းလေးပေါ်တွင် ရှိသည့် မှည့်နက်နက်လေးကလည်း အသည်းယားစရာကောင်းသည်။ ဆန္ဒကို သိက္ခာနှင့် မထိန်းနိုင်သည့် အဆုံး ကျွန်တော့်၏ အဖြူရောင် လက်တစ်ဖက်ဖြင့် ထိကိုင်လိုက်မိသည်။ ချစ်စရာကောင်းလိုက်တာ။ ကျွန်တော် မျက်တောင်မှမခတ်နိုင်ကာ သခင်၏ အလှတွင် နစ်မြောနေပြီ။ တကယ်တော့ အိပ်စက်ခြင်း မရှိဘဲ တစ်ညလုံး ထိုင်ကြည့်ခဲ့သင့်တာ။

မျက်လုံးမဖွင့်သေးသော်လည်း ကျွန်တော့်ခေါင်းကို လာဖွလာ၏။

"နိုးနေပြီလား အလုံး..."

မျက်လုံးဖွင့်လာတော့ ကျွန်တော်လည်း သူမမျက်နှာတွင် မေးတင်ကာ မှီနေလိုက်သည်။

"ကြောင်တွေက သခင်ကို နိုးတတ်တယ်လို့ ကြားဖူးတယ် အလုံးကျတော့ တစ်မျိုးပဲနော်"

သူမ စကားသံကို အနီးကပ်ကြားနေရတာကလည်း ကုသိုလ်တစ်မျိုးပဲ။ သူမ အနည်းငယ် လှုပ်ရွလာတော့ ကျွန်တော် ဖယ်ပေးလိုက်ပါသည်။

အနားတွင် ရှိသည့် ခေါင်းစီးကွင်းဖြင့် ဆံနွယ်ရှည်များကို စုစည်းကာ ထုံးဖွဲ့လိုက်သည့် မြင်ကွင်းကလည်း ပန်းချီကား တစ်ချက်ထပ် အဖိုးတန်သည်။

ငယ်ချစ်ပုံပြင်Where stories live. Discover now