IAN
အပိုင်း ၁ထိုကောင်လေး အိမ်ကိုရောက်မလာခင်အထိ သူ့မှာ အမြွှာညီတစ်ယောက်ရှိနေလိမ့်မယ်လို့ ဂျောင်ကု လုံးဝမထင်ထားဖူးပါ။ အတိအကျအားဖြင့်တော့ သူနဲ့ ထိုကောင်လေးရဲ့ မွေးဖွားချိန်က 13 မိနစ်သာ ကွာခြားသည်တဲ့။
လာပို့တဲ့အမျိုးသမီးကတော့ မိခင်၏အစ်မတော်စပ်ကာ တနည်း ဂျောင်ကုရဲ့ အဒေါ်အရင်းလည်းဖြစ်သည်။
"မီယောင်းက သူ့ကို မင်းလက်မခံနိုင်မှန်းသိလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောခဲ့ပေမဲ့ ကလေးက သူနဲ့ဆက်နေရင် ဘယ်လိုမှ လူချင်းတူမှာကိုမဟုတ်တော့ဘူး"
အိမ်ကြီးအလယ်မှာ အဒေါ်ဖြစ်သူရဲ့စကားတွေကို ငြိမ်နားထောင်ရင်း အမြွှာညီဖြစ်သူကိုပဲ ဂျောင်ကု သေချာကြည့်နေမိသည်။ အမြွှာတွေက ရုပ်တူကြတယ်လို့ သူကြားဖူးတယ်။
အဲ့ဒီ့မသပ်မရပ်ဆံပင်တွေကိုသာ ညှပ်ပစ်လိုက်ရင် သူ့ညီကရော သူနဲ့ဘယ်လောက်အထိ တူနေလောက်မလဲ။
"သူက မင်းကို နောင်တရစေချင်တဲ့စိတ်တစ်ခုတည်းနဲ့ မိုက်ရူးရဲဆန်ပြီး ဒီကလေးကို ဒုက္ခတွင်းထဲ ကိုယ်တိုင်ဆွဲချခဲ့တာ"
ဖေဖေဟာ စိတ်မောလူမောဖြစ်သွားဟန် သက်ပြင်းရှည်ကြီးချလိုက်သည်။
"အခုလည်း သူမရှိတုန်း ကလေးကိုခေါ်ပြီး ဒီလိုက်လာခဲ့တာ။ အိမ်ပြန်မလာရင်လည်း တစ်ပတ် ဆယ်ရက် မကဘူးလေ။ သူမရှိမှတော့ ကလေးက ဘယ်သူ့သွားအားကိုးရတော့မလဲ"
"ဒီလောက်နှစ်တွေအကြာကြီး သားငယ်နဲ့ကျွန်တော့်ကို သူ ခွဲထားခဲ့တာ။ ဘာအပြစ်မှမရှိတဲ့ လူမမယ် ကလေးအပေါ်မှာတောင် သိပ်ရက်စက်တဲ့မိန်းမ"
မချိတင်ကဲဒေါသနှင့် ဖေဖေ့လေသံက ၈နှစ်အရွယ် ကျောင်းသားလေးကိုပါ ခံစားချက်တို့ ကူးစက်သွားစေသည်။
"ကျွန်တော့်သားကို ကျွန်တော်ပဲပြန်ခေါ်ထားမယ်"
"အစကတည်းက အဲ့လိုပဲဖြစ်သင့်တာပါ။ ဟိုငမိုက်မကြောင့်သာ အခုလောက်ထိ အချိန်တွေကြာကုန်တာ။ ဒီလိုဆို တူလေးကို မင်းဆီပဲ အပ်ခဲ့လိုက်တော့မယ်နော်"