IAN
အပိုင်း ၁၃"ဆင်း"
အီရန့်နည်းတူ ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီး ဆိုင်းဘုတ်ပေါ်က နာမည်ကို ဖတ်လိုက်သည်။ Wild Card ။ ဒါက ဘာလဲ အားကစားရုံလား။
အီရန်က သူ့ကို တစ်ချက်ကြည့်ပြီး အနောက်ကလိုက်လာဖို့ အချက်ပြသည်။ ဂျီမင်းလည်း ဘာမေးခွန်းမှ မေးမနေတော့ဘဲ အဆောက်အအုံကြီးထဲ လိုက်ဝင်ခဲ့သည်။
"ရောက်ပြီလား"
"အင်း"
စီနီယာက သူ့နောက်က ပတ်ဂျီမင်းကိုမြင်တော့ တစ်ခါမှမမြင်ဖူးတာမို့ စူးစမ်းသလိုကြည့်လာသည်။
"သူငယ်ချင်းလား"
"မဟုတ်ပါဘူး!"
တိုင်ပင်ထားသည့်အလား နှစ်ယောက်လုံးက ပြိုင်တူပြောလိုက်ကြတာမို့ အသံကျယ်သွားရသည်။ မျက်စိရှေ့တင် တစ်ယောက်ကိုတစ်ယောက် ပေစောင်းစောင်းကြည့်နေကြတဲ့ လူနှစ်ယောက်ကြောင့် စီနီယာလည်း နှုတ်ဆိတ်သွားတော့သည်။
"ကျွန်တော် လေ့ကျင့်တော့မယ်"
"အေးအေး"
ကျောပိုးအိတ်ကို ပခုံးတစ်ဖက်ပေါ်ပစ်တင်လိုက်ရင်း အီရန်က သူတို့အနားက ထွက်သွားသည်။
"အီရန်နဲ့တကယ် သူငယ်ချင်းတွေမဟုတ်ဘူးလား"
"ဗျာ"
ရုတ်တရက်မို့ ဘာသဘောနဲ့ မေးမှန်းမသိသည့်တိုင် ဂျီမင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"တကယ် သူငယ်ချင်းမဟုတ်ပါဘူး"
"တစ်မျိုးမထင်ပါနဲ့။ အီရန်က ဒီကို သူစိမ်းတစ်ယောက်ကိုခေါ်လာတာမျိုးက ကြုံတောင့်ကြုံခဲဆိုတော့ ထူးဆန်းနေလို့ပါ"
မထူးဆန်းပါဘူး။ အဲ့တစ်ယောက်က ငယ်ငယ်ကတည်းက ရိုင်းစိုင်းပြီး ဒီလောက်လူ့ကန့်လန့်ဖြစ်နေတာ ဘယ်လိုလုပ် အပေါင်းအသင်းရှိမှာလဲ။ စိတ်ထဲကပဲပြောကာ အပြင်မှာတော့ ဟုတ်ကဲ့ဟုဖြေလိုက်သည်။
![](https://img.wattpad.com/cover/360911369-288-k811903.jpg)