IAN
အပိုင်း ၅"ဂျောင်ကု"
"ဘာလဲ"
"ဒါ အီရန်မလား"
နာမည်ကြောင့် သင်္ချာတွက်နေတဲ့ ဂျောင်ကုရဲ့ လက်တွေ တုံ့ခနဲရပ်သွားခဲ့သည်။ ပြီးသည်နှင့် ဂျီမင်းပြလာတဲ့ ဖုန်းထဲက IG အကောင့်ကို သေချာစစ်ကြည့်လိုက်သည်။
"ဟုတ်တယ်မလား"
"အင်း အီရန်ပဲ"
တင်ထားသမျှ ဓာတ်ပုံတွေထဲ ဆံပင်ပုံစံနဲ့ အဝတ်အစားမတူတာကလွဲပြီး ဂျောင်ကုနဲ့တထေရာတည်းမို့ ယင်းအကောင့်ပိုင်ရှင်မှာ အီရန်ကလွဲပြီး မရှိနိုင်တော့။
"ဒီနေ့မနက် ငါ့အကောင့်ကို သူလာfollowသွားတယ် ပြီးတော့ စာလည်းပို့ထားသေးတယ်"
"ဘာပို့တာလဲ"
"ဒီဟာ"
ဂျီမင်းက DM ထဲဝင်လိုက်ပြီး အီရန့်အကောင့်ကပို့ထားတဲ့ မက်ဆေ့ချ်ကို ပြလာသည်။
"ကောင်းကောင်းအသက်ရှင်နေပေးလို့ ကျေးဇူးပဲ ဂျီမင်း မင်းတို့တွေ ငါ့ကိုမေ့မနေဖို့မျှော်လင့်ပါတယ်"
အီရန့်ဆီက မက်ဆေ့ချ်ကို ဖတ်ကြည့်ပြီး ဂျောင်ကုမျက်နှာက ချက်ချင်းတည်သွားသည်။ ဘာကိုဆိုလိုမှန်းမသိတဲ့စာတစ်စောင်အတွက် ဂျီမင်းကတော့ မျက်လုံးလေး ကလယ်ကလယ်။
"သူ ငါတို့ကိုသတိရနေတာဖြစ်မယ်"
"ဟုတ်ပါ့မလား"
ဂျောင်ကုစကားကို ဂျီမင်းက သိပ်လက်မခံချင်သလိုပြောသည်။ ဟုတ်တယ်လေ အီရန်နဲ့သူတို့ အထူးသဖြင့် သူနဲ့အီရန်ကြားမှာ ဘယ်တုန်းက တည့်ဖူးလို့ သတိရစရာရှိမှာလဲ။ ဖြစ်ခဲ့သမျှ အကုန်လုံးကလည်း ဆိုးဆိုးဝါးဝါးတွေချည်း။
"အဲ့တုန်းက ငါတို့အကုန်လုံး ၈နှစ်ပဲရှိသေးတာလေ။ အဲ့တုန်းက ငါတို့နဲ့ အခုနဲ့ တူချင်မှတူမှာပေါ့"
ဒီလိုဆို ပြီးခဲ့တဲ့ ၁၀ နှစ်အတောအတွင်း အီရန်က တကယ်ပဲ ပြောင်းလဲသွားတာလား။ အဖြေကိုတော့ ဂျောင်ကုထက်ပိုပြီး သိနိုင်မဲ့သူရှိမယ်မထင်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုပြန်မြင်လိုက်ရတာ စိတ်မအေးဘူး"
ဂျီမင်းက တစ်ယောက်တည်းခေါင်းယမ်းကာ ပြောလိုက်သည်။ ပြောပြီးမှ ဂျောင်ကုက အီရန်ရဲ့အမြွှာအစ်ကိုဖြစ်မှန်း သတိရသွားကာ အားနာသွားရသည်။