နန်းဆောင်တော်တစ်ခု၌။
" သီဟသူရ သီဟသူရ! တယ်အဆိပ်ပြင်းသကိုး။ နယ်ခြားကိစ္စကို မဖြစ်ဖြစ်အောင် လုပ်ယူပြီး တော်ဝင်တံဆိပ်ကို လွှဲပြောင်းခိုင်းတယ်။ သုခဘုံကိစ္စကိုလည်း ဝင်ရှုပ်ပြီးတော့ ထီးနန်းနဲ့ အကြပ်ကိုင်တယ်။ အဆွေတော်က အစောထဲက ဒင်းကို ဖယ်ထုတ်ပစ်ရမှာ။ အိမ်ရှေ့စံကိစ္စမှာထဲက သူ့ကိုပါ အပြတ်ရှင်း "
" စကားကိုကြည့်ပြောစမ်း! "
နတ်ရွာစံသူပြည့်ရှင်၏ ညီတော်တစ်ဖြစ်လဲ သင်္ခသီဟဇောတိရဲထင်မင်းသားကြီးက စကားဝင်ဟန့်သည်။
" ဦးရီးတော် သီဟသူရကို ဒီတိုင်းပဲ လွှတ်ထားတော့မှာလား "
" ဒီတိုင်းလွှတ်မထားတော့ရော ဘာလုပ်နိုင်မှာလဲ။ အိမ်ရှေ့စံရှိထဲက ငါမင်းသားပြောဖူးတယ်မဟုတ်လား။ ရန်သူဖြစ်အောင် မလုပ်မိစေနဲ့ဆိုတာ။ ကိုယ့်ဟာကိုသာ ဆင်ဆင်ခြေခြေနေကြ။ အခြေအနေကြည့်ပြီး အလိုက်သင့်စီးမြောနေ။ အခွင့်ရေးရမှနေရာပြန်ယူလည်း နောက်မကျသေးပါဘူး "
" နောက်သုံးရက်ဆိုပဲ နန်းတက်တော့မယ်။ ထီးနန်းသာရသွားရင် သီဟသူရကို ထိန်းနိုင်မယ့်လူဆိုတာ မရှိတော့ဘူး။ အမတော်ရော စဉ်းစားပါဦးဗျာ။ ဒီလိုသာဆို နန်းပြင်ထွက်ရမယ့်သူက မောင်ငယ်တို့ဖြစ်တော့မယ် အမတော် "
" ငါမင်းသမီးလည်း ဘာမှမလုပ်နိုင်ဘူး။ ဟော်နန်းထိပ်ထားကြီးတစ်ယောက်လုံး သူ့အနောက်မှာ ရှိနေပြီ "
" သေချာပေါက် ရှိမှာပဲ။ ဟော်နန်းထိပ်ထားကြီးက သူ့မြေးတော်တွေကို သိပ်ချစ်တာ။ လွှာ စံအိမ်ဆိုတာ တော်ဝင်နန်းနဲ့လက်ဆက်စပ်ဖို့က အဝေးကြီး။ ဒါပေမယ့် နန်းဦးပန်းထိပ်ထားရဲ့လက်ဆက်ပွဲကို သီဟသူရက တော်ဝင်တံဆိပ်ပြားနဲ့ ရအောင်လုပ်သွားတာပဲကြည့်။ အခုဆို ဟော်နန်းတစ်ခုလုံး သူ့ဘက်မှာပဲ ရှိနေမှာတောင်စိုးရတယ် "
" ရှိတော့မှာပေါ့ နန်းဦးပန်းက ဟော်နန်းဆက်ခံသူဖြစ်လာမှာလေ။ ဒီကောင် အလှူလက်ဖက်နဲ့ မျက်နှာလုပ်သွားတာ။ ခမည်းတော်ကိုလည်း တော်ဝင်တံဆိပ်ပြားနဲ့ဖိနှိပ်ပြီး လက်ဆက်ပွဲ စာချွန်တောင်းခံသွားတာ "
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...