" ညီမတော် အစ်ကိုတော် အခန်းထဲဝင်ခဲ့မယ်နော် "
" ဟုတ်ကဲ့ "
သီဟသူရ အခန်းတွင်းရောက်ချိန်တွင် သာမန်ချိန်တို့နှင့်မတူ ကွဲပြားနေသော ညီမတော်၏ အလှတရားကို တွေ့လိုက်ရသည်။
သူမလေးက မိုးပြာရောင်လဲ့လဲ့ တော်ဝင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံပင်တို့ကိုလည်းလှပစွာ ပုံဖော်၍ စည်းနှောင်ထားသည်။ သီဟသူရပေးထားသော ပြာလဲ့လဲ့နားဆွဲလေးကလည်း သူမ လှုပ်ရှားလိုက်သည်နှင့် အတူလိုက်ပါယိမ်းနွဲ့နေတတ်သည်။
ဆယ့်ရှစ်နှစ်မပြည့်သေး၍ သုဒြာမင်းသမီး၏ ဦးအထက်၌ မဋိင်သရဖူ မရှိသေး။ ထိုအစား မင်းသမီးအဆောင်အယောင်တစ်ခုဖြစ်သည့် ဥဒေါင်းဆံထိုးတော်ကို ပန်ဆင်ထားသည်။
ပင်လယ်ပြာကဲ့သို့ ကောင်းကင်ပြာကဲ့သို့ ရှုမငြီးရလေအောင် သုဒြာမင်းသမီး၏ အလှတရားက သဘာဝဆန်၍ ငြိမ်အေးသည်။
" အသက်ရှုတောင် မှားပါဘိနှယ် "
" ခစ် ခစ် "
သီဟသူရ၏ အံ့ဩတကြီးဟန်ပန်ကြောင့် ရယ်သံလွင်လွင်လေးများ ပေါ်ထွက်လာရသည်။
သီဟသူရသည် သုဒြာကို အမြဲတစေ ကလေးငယ်လေးသဖွယ် စောင့်ရှောက်ခဲ့သူဖြစ်၍ ဤကဲ့သို့ လှပဖြူစင်စွာကြီးပြင်းလာပုံကို တွေ့မြင်ရသည့်တစ်ခဏ ဝမ်းနည်းဝမ်းသာ ဖြစ်လာရသည်။
မုဒြာမင်းသမီးလေး မမွေးဖွားခင်အထိ သီဟသူရ၏ငယ်စဉ်ဘဝသည် လွန်စွာမှ ရိုးရှင်းခဲ့သည်။ မွေးမိခင်၏ ဂရုတစိုက် သွန်သင်ဆုံးမမှုအောက် ခမည်းတော်၏မေတ္တာတရားကို နားလည်တတ်စအရွယ်ထဲက မတောင်းတခဲ့တော့။
ညီမတော်လေးမွေးလာသည့်နောက်တွင် သီဟသူရသည် မိမိတုန်းကကဲ့သို့ သူမလေး မခံစားရလေအောင် အစ်ကိုကောင်းတစ်ယောက်အဖြစ်သာမက ဖခင်တစ်ယောက်၏မေတ္တာကဲ့သို့ပါ အပြည့်အဝပေးကာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
မိမိလက်ပေါ်ကြီးပြင်းလာခဲ့သော ညီမတော်၏ တဖြည်းဖြည်းအရွယ်ရောက်လာပုံကို မြင်တွေ့ရသည့်အခါ မည်သူကများ ဝမ်းသာပီတိ မဖြစ်ဘဲနေမည်နည်း။
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...