နန်းတက်ပွဲတစ်လျှောက် ပင်ပန်းသွားခဲ့ရသည်ဖြစ်၍ မနေ့ညက လှုပ်ပင်မလှုပ်နိုင်ကာ မောမောပန်းပန်းဖြင့်အိပ်ပျော်သွားသည်မှာ နောက်တစ်ရက် နေ့လည်ခင်းကျမှ အမရာ နိုးလာခဲ့သည်။
ဖခင်၏ မင်းသားအရိုက်ရာတုန်းက နေထိုင်ခဲ့သည့် နန်းဆောင်မှနေ သူမသည် အိမ်ရှေ့အရိုက်ရာတို့ စံမြန်းရာနန်းဆောင်၌ သီးသန့်ပြောင်းရွေ့နေရပြီး ဖြစ်သည်။
သူမ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးချိန်၌ အိပ်ခန်းအပြင်ဘက်မှ အထိန်းတော်ကြီးတို့၏ စကားသံတို့ကို ခပ်သဲ့သဲ့ကြားလိုက်ရသည်။
အိပ်ခန်းမှထွက်သည့်အခါ ဧည့်ဆောင်ခန်း၌ ဝန်မင်းတစ်ချို့ရောက်နေသည်ကို တွေ့လိုက်သည်။
" အိမ်ရှေ့ဖုရား "
ဝန်မင်းတို့က အမရာ့ကို ဂါရဝပြုအရိုသေပေးလာကြသည်။
" သင်တို့ထိုင်ကြပါ "
ထိုဝန်မင်းတို့၏ဝတ်ရုံ၌ တော်ဝင်နန်းဘဏ်တိုက်မှတံဆိပ်ကို ရေးထိုးထားသည်။
" ကိစ္စရှိ၍လား ဝန်မင်းတို့ "
" မှန်လှပါ အရှင်အိမ်ရှေ့ဖုရား။ ကျွန်တော်မျိုးတို့ အိမ်ရှေ့အရိုက်ရာကို အပ်နှင်းရမယ့် နန်းစဉ်ပစ္စည်းများနဲ့ နှစ်စဉ်အသုံးစရိတ်များကို လာရောက်အပ်နှံတာပါဖုရား "
ထိုမှစ၍ သက်ဆိုင်ရာခန်းမဆောင်မှဝန်မင်းများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို လက်ခံတွေ့ဆုံပေးနေရသည်။
" ခန်းမဆောင်တွေကျန်သေးလား ပန်းယွန်း "
ပန်းယွန်းဆိုသည့် အမျိုးသမီးလေးတစ်ယောက်ကလည်း အမရာ၏ အပါးတော်မြဲအတွက် မြနန်းဆောင်မှ ရောက်လာသူဖြစ်သည်။ ဆိုရရင် အမရာ၏အတွင်းရေးမှူးဟု ဆိုရပေမည်။
" ပွဲလမ်းသဘင်ခန်းမ၊ စည်းမျဉ်းဆောင်ခန်းမ၊ သံတမံခန်းမနဲ့ ပြန်ကြားရေးခန်းမဆောင်တို့ ကျန်သေးပါတယ်။ လက်ခံတွေ့ဆုံပါဦးမလား အိမ်ရှေ့ဖုရား "
သူမအချိန်ကြည့်တော့ ညနေပင်စောင်းနေပြီ။
" မနက်ဖြန်မှ တွေ့တော့မယ် "
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...