အလယ်ပိုင်းမြို့တော်အနီး ၁၃မိုင်ခန့်တွင်ရှိနေသော နိုင်ငံ၏စစ်ဌာနချုပ် တည်ရှိရာ စစ်စခန်းကြီး၏ပင်မအဆောက်အဦး၌။
အပြင်ဘက်မှ တံခါးခေါက်သံကြောင့် အစည်းဝေးခန်းတွင်း၌ အပ်သံမကျအောင် ရုတ်ချည်းတိတ်ဆိတ်သွားသည်။
လူကိုးယောက်၏ မျက်လုံးအကြည့်တို့မှာ စားပွဲထိပ်၌ ခပ်မတ်မတ်ထိုင်နေသူထံ တိုင်ပင်မထားပါပဲ စုပုံရောက်ရှိသွားသည်။
ထိုလူကိုးယောက်မှာ ရွှေကြယ်လေးပွင့်ပါ စစ်အင်္ကျီတို့ကိုဝတ်ဆင်ထားပြီး ရင်ဘက်ထက်တွင်ဖြင့် နယ်မြေခံတံဆိပ်တို့ကို ချိပ်ဆွဲထားသည်။
" ဝင်ခဲ့ပါ "
ထိုသူ့ထံမှ အာဏာရှင်ဆန်ဆန် အမိန့်သံခပ်ဩဩတစ်ခု ထွက်လာသည်။
ခွင့်ပြုချက်ရသည်နှင့် တံခါးခေါက်သူလည်း ခပ်သွက်သွက်ဝင်ကာ ပေးစရာရှိတာ ပေးပြီးသည်နှင့် ခပ်မြန်မြန်ပြန်ထွက်သွားသည်။
ဒုဗိုလ်ချုပ်ကြီး ခွန်းမဟာသည် တင်ပြလာသော အချက်အလက်ကိုကြည့်ပြီးနောက် နှုတ်ခမ်းပါးတို့က ခပ်ယောင်ယောင်မျှ တွန့်ချိုးသွားသည်။ ငွေမှင်ရောင်မျက်မှန်ကိုင်းအောက်ရှိ ခပ်နက်နက်မျက်ဝန်းတို့မှာလည်း ပို၍နက်ဆွေးသွားခဲ့သည်။
" တောင်ပိုင်းဒေသကြီးက လူထူးချွန်တွေပေါတာပဲ "
ခပ်ဟဟအသံနေအသံထားကြောင့် တောင်ပိုင်းဒေသကြီးကို တာဝန်ယူနေသော ဗိုလ်ချုပ်သုံးဦးမှာ ချွေးစေးများ ထွက်လာရသည်။ ထိုသို့အပြုံး၊ ထိုသို့လေသံနှင့် ထိုအမှုအယာမျိုးက မည်သို့မှချီးကျူးနေဟန်နှင့် ထပ်တူကျမနေ။
" အထူးသဖြင့် အနောက်တောင်ပိုင်း "
နိုင်ငံ၏ရေတပ်သည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိရာ တောင်ပိုင်းတွင်ရှိပြီး ဒေသအလိုက်ဌာနကြီးသုံးခုပြန်ခွဲထားသည်။
ရေတပ်ဌာနချုပ်၏ တတိယရာထူးအကြီးဆုံးသူဖြစ်ပြီး အနောက်တောင်ပိုင်းရှိ ရေတပ်ဌာနကို တာဝန်ယူထားရသူဗိုလ်ချုပ်မှာဖြင့် ဇောချွေးများစိုရွဲလာရသည်။
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Cerita Pendekခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...