Part 1

83 2 2
                                    

"Mr. Rosett ကတော့ ထပ်မံ၍ သူ့ရဲ့အရည်အချင်းကိုထုတ်ဖော်လိုက်ပြန်ပါပြီ။ ကျွန်မတို့ မနိုင်လောက်ဘူးထင်တဲ့ Mr.Parker ရဲ့အမှုဟာ သုံးနှစ်ကြာပြီးနောက်မှာတော့ Mr.Parker ဟာ အ​ပြစ်မရှိကြောင်းတရားသူကြီးမင်းများက အမိန့်ချမှတ်ခဲ့ပါပြီ"

"ဒါဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် Mr. Rosettရဲ့နောက်ထပ်တစ်​ကြိမ် အောင်နိုင်မှုတစ်ခုဖြစ်ပါတယ်" 

တရားရုံးအတွင်းမှာပေ အနိုင်ရသွားသည့် Mr.Parker၏ မိသားစုတွေသည် ဝမ်းသာပျော်မြူးနေကြသလို၊ Mr. Parkerမှာလည်း မျက်ရည်ပင်လယ်ဝေနေ၏။ ထောင်မှူးက သူ၏လက်ထိပ်ကိုဖြုတ်ပေးလိုက်သည့် အခါမှာ Parker သည် သူ၏သမီးလေးဆီပြေး၍ ပွေ့ဖက်၏။ သုံးနှစ်တာကာလလုံး သူ၏လက်တွေနဲ့ပွေ့ဖက်ခြင်းမရခဲ့သည့် သူ၏သမီးလေးကိုခပ်တင်းတင်းပွေ့ဖက်ထားသည်။ ပွေ့ဖက်နေရင်း ရှိုက်ငိုနေတာ​ကြောင့် သူ၏ဇနီးမှာ သူ၏ကျောပြင်ကို နှစ်သိပ်မှု အနေဖြင့် ခပ်ဖွဖွလေး ပွတ်ပေးနေသည်။

Aidenသည် သူ၏စာရွက်စာတမ်းတွေကိုသိမ်းရင်း တခြားရှေ့နေတွေက သူ့ကိုဂုဏ်ပြုစကားတွေလာပြောသည်ကြောင့် သူလည်း ပြန်၍ကျေးဇူးတင်စကားပြောရင်း စကားဖွဲ့နေမိသည်။ စကားပြောရင်း Parker နဲ့ သူ၏မိသားစုကို လှမ်းကြည့်မိလိုက်သည့်အခါ အေးတိအေးစက်ဖြစ်လွန်းသည်ဟု နာမည်ကြီးသည့် သူ၏မျက်နှာမှာအပြုံးသေးသေးလေးပေါ်လာလေသည်။

သူ၏ကြိုးစားအားထုတ်မှုအတွက် အခုလိုမြင်ကွင်းကိုမြင်တွေ့ရခြင်းဟူသည့် မိမိကိုယ်ကို ဂုဏ်ယူသည့်အပြုံးပေ။

Parker မှာ ငိုပြီးနောက် Aidenကိုကျေးဇူးတင်စကားပြောရမှာကိုသတိရတာကြောင့် သမီးကိုဇနီးဖြစ်သူလက်ထဲထည့်ပေးလိုက်ပြီး သူ၏မျက်ရည်တွေကိုသုတ်ကာ Aidenရှိရာနေရာကိုရှာလိုက်၏။ နောက်တော့ တခြားရှေ့နေတွေဖြင့်စကားပြောနေသည့် Aidenအနားသို့လျှောက်သွားလိုက်သည့်အခါ မျက်မှန်နောက်မှာတည်ရှိနေသည့် အညိုရောင်မျက်ဝန်းတွေသည် သူ့ထံသို့တည်ငြိမ်စွာကြည့်လာ၏။

"Mr. Rosett"

သူရောက်လာသည်နဲ့ တခြားရှေ့နေတွေသည်အလိုက်တသိပေ Aidenနဲ့ထားခဲ့လေ၏။ ထိုအခါ Aidenလည်း သူ၏အညိုရောင်မျက်ဝန်း၏ အကြည့်အလုံးစုံကို Parker၏မျက်နှာထံသို့ စုပြုံလိုက်သည်။ တည်ငြိမ်စွာနဲ့ကြည့်နေသည်မှာ Parker၏ စကားကိုစောင့်နေတယ်ဟုဖော်ပြခြင်းပေ။

Jax Where stories live. Discover now