Unicode
"အွန်း...ဟင်"
ခရိုမာနီတစ်ယောက် အိပ်နေရာမှ လူးလွန့်၍ နိုးထလာသည်နှင့်တစ်ပြိုင်နက် ဦးစွာ ခံစားလိုက်ရမိသည်က နွေးထွေးမှုနှင့်အတူ ကျယ်ပြောလှသည့် ရင်အုပ်ကျယ်ကြီးတစ်ခုကိုပင်ဖြစ်ချေသည်။ယခုအချိန်တွင် သူ၏မျက်နှာမှာ တစ်စုံတစ်ဦး၏ ရင်ခွင်ထဲ၌ပင် မျက်နှာအပ်လျက်သားဖြစ်ပြီး ထိုသူ၏ခပ်တင်းတင်းပွေ့ဖက်ထားခြင်းကိုလည်း အတိုင်းသား ခံထားရပေတော့သည်။
ထိုသူဟာ နှစ်ယောက်မရှိသည့် အလတ်စကာဆိုသူပင် ဖြစ်မည်ဟု သူတန်းသဘောပေါက်လိုက်မိသည့်တိုင် ရုန်းထွက်ဖို့ရန် မကြိုးစားခဲ့မိပါချေ။အလတ်စကာ နိုးသွားမည်ကို စိုးတာကတစ်ကြောင်း၊ရုန်းမထွက်နိုင်သည့် သူ့စိတ်အစုံကြောင့်တစ်ကြောင်း ဒီရင်ခွင်၌ဝယ် ထပ်၍ပင် ကြာကြာလေး ခိုဝင်နေလိုက်ဖို့သာ ဆုံးဖြတ်ချက်ချလိုက်မိပေတော့သည်။
"..."
ခရိုမာနီထက် ခေါင်းတစ်လုံးပိုသာနေသည့် အလတ်စကာအား သူမော်ကြည့်လိုက်ရင်း ပြေပြစ်လှသည့် မျက်နှာသွင်ပြင်လေးကိုပင် မဝံ့မရဲလေးဖြင့် သူ အသေးစိတ် ကြည့်ရှုနေလိုက်မိတော့လေရဲ့။တည်ကြည်လှသည့် သူ့မျက်နှာအသွင်ကို ပို၍ပင် ယောက်ျားသားဆန်သွားစေရန် အထောက်အပံ့ပြုနေကြသည့် နှုတ်ခမ်းမွှေးရေးရေးလေးတွေအား ခရိုမာနီတစ်ယောက် လက်ထိပ်လေးဖြင့် ခပ်ဖွဖွလေး ထိတို့ကာ ကစားနေလိုက်မိပေသည်။
ထိုမှတဆင့် ထိုလူ့ ပါး၊မျက်ခုံး၊နှာတံလေးတို့အား အဆက်မပြတ် ခပ်ဖွဖွလေး လိုက်တို့ထိရင်း နောက်ဆုံးကျန်ရှိသည်ဖြစ်သော အညိုရောင်ဘက် သမ်းနေသည့် နှုတ်ခမ်းပါးတစ်စုံပေါ်သို့ သူ့လက်တို့ဟာ ဦးတည်လိုက်မိပေတော့သည်။
နှုတ်ခမ်းပါးပေါ်သို့ ထိလုမတတ်အချိန် သူ့လက်လေးအား လက်ကောက်ဝတ်မှတစ်ဆင့် ဖမ်းဆုပ်လိုက်ပါသော အလတ်စကာ။မထင်မှတ်ထားသည့် အခြေအနေမို့ စိတ်အစုံမှာ ဝရုန်းသုန်းကားဖြစ်သွားရတာတော့ အမှန်ပင်တည်း။
"ကိုယ့် မျက်နှာကထူးဆန်းနေလို့လား ဘာတွေအဲ့လောက်တောင် စိတ်ဝင်စားနေတာတုန်း"
YOU ARE READING
"My Immortal"
FantasyUnicode- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ္တာတစ်ခု။ Zawgyi- လူသားမျိုးနွယ်စုနှင့် မသေမျိုးတွေကြားမှ ထူးခြားစွာ ပေါက်ဖွားလာသည့် ထပ်တူကျ နှလုံးသားတစ်စုံနှင့်အတူ ချစ်ခြင်းမေတ...