အနီရောင်လပြည့်ည၏ သွေးပျက်ဖွယ်မြင်ကွင်းများ ပြီးဆုံးသွားပြီးနောက် ဆော့ဂျင်၏ညဉ့်နက်အိမ်မက်များသည် မသိစိတ်အားမပျက်တမ်း ခြောက်လှန့်လျက်ပင်..။
တိတ်ဆိတ်ငြိမ်သက်သော အိပ်ခန်းကျယ်ထဲမှ အရိပ်လိုလိုရွေ့လျားနေတတ်သော အငွေ့အသက်များသည် စိတ်အစဉ်ကို တည်ငြိမ်မှုပျက်ပြားစေလျက် သရိုးသရည်ဖြစ်စေသည်။
အကောင်အထည်ဖော်မရသော အခိုးအငွေ့များသည် ဆော့ဂျင်ရှိရာအိပ်ခန်းထဲ လှည့်ပတ်သွားလာနေသလိုပင်။
အိမ်မက်ဆိုးတွေရဲ့ခြောက်လှန့်မှုအောက်မှ ရုန်းထွက်ရင်း သူ့လန့်နိုးလာသည့်အချိန်တိုင်း ကုတင်ဘေးက ကျောမှီထိုင်ခုံရှည်ကြီးပေါ် ဆေးတံသောက်ရင်း ထိုင်ကြည့်နေတတ်သော ထိုလူကြီးသည် တစ်ခါတစ်ရံ ဝိဉာဉ်တစ်ကောင်ထက်ပင် ပို၍ကြောက်စရာကောင်းနေတတ်သည်။
ဉာဉ့်နက်သန်းခေါင်ယံအထိ မအိပ်ဘဲနေတတ်သော ထိုလူကြီးသည် အိမ်မက်ဆိုးမှနိုးထလာမည့် ဆော့ဂျင်အား တမင်စောင့်ကြည့်နေခြင်းလော မပြောပြတတ်ပေ။
"အိပ်မပျော်ဘူးလား ဆော့ဂျင်.."
"ကျွန်တော်အိမ်မက်ဆိုးတွေမက်နေလို့.."
နှာဖူးပြင်က ချွေးစတွေကို လက်ပခုံနှင့်သုတ်လိုက်သည်။
မှန်တံခါးကိုထိရိုက်နေသော နှင်းမှူန်များသည် ပြင်ပလောက၏အအေးဓာတ်ကို သက်သေပြသည်။
ဆော့ဂျင်မျက်နှာပေါ်က ချွေးစများသည် မကြာသေးခင်ကမှ အိမ်မက်ဆိုး၏ခြောက်လှန့်ခြင်း ခံထားရသောကြောင့် မတည်ငြိမ်သေးသော စိတ်အစဉ်ကို သက်သေပြနေသည်။
"ဖန်တစ်ရာထပ်တဲ့ အိမ်မက်တွေက ဘယ်လောက်တောင်များ ဆိုးရွားနေလို့လဲ ဆော့ဂျင်ငယ်.."
အသက်ကိုဝလင်အောင် ရှူရှိုက်နေရသောကြောင့် ဆော့ဂျင်သည် ချက်ချင်းပြန်မဖြေနိုင်သေး။
ထိုလူကြီးက ဆေးတံကိုလက်ချောင်းများကြား ညှပ်ကိုင်ထားရင်း ဆော့ဂျင်ပြန်ဖြေမည့်အဖြေကို စောင့်ဆိုင်းနေသည်။
"ဟိုနေ့ကမိန်းကလေးက ကျွန်တော့်လည်ပင်းကိုညစ်ပြီး သူ့သွေးတွေကို ပြန်ပေးဖို့ပြောတယ်..နောက်ပြီး အနီရောင်လမင်းကြီးက ကျွန်တော်နဲ့တဖြည်းဖြည်းနီးကပ်လာလို့ အဝေးဆုံးကိုထွက်ပြေးခဲ့ရတယ်..ပြီးတော့ စုန်းမြှူမတွေရော ကျွန်တော့်နောက်ကို လိုက်လာကြတယ်.."
YOU ARE READING
The Witch ' s Black Rose