အခန်း (၁၆)

115 16 1
                                    

နန်းတော်အပြင်ဘက်တွင်အသင့်စောင့်ဆိုင်းနေကြသော ကိုယ်ရံတော်တပ်ဖွဲ့မှာလည်း မုဒ်တံခါးဝအပြင်ဘက်တွင်စောင့်နေကြသော တံခါးစောင့်များကနန်းတော်ထဲကို ရေးကြီးသုတ်ပျာနဲ့ဝင်သွားကြသည်ကိုတွေ့ရလေ၏။ ဘာများဖြစ်တာပါလည်း။ နန်းတော်ထဲမှာ တစ်ခုခုဖြစ်ပျက်နေတာတော့သေချာတယ်။ ကိုယ်ရံတော်တပ်ဖွဲ့မှာ လည်းသို့လောသို့လောဟုတွေးရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်။ ထိုအခါ ကိုယ်ရံတော်ဝဏ္ဏက ကိုယ်ရံတော်များကိုစကားဆိုလိုက်လေ၏။

"အဆွေတော် သီဟနှင့် မောင်မဲတို့နှစ်ယောက် အကျွန်ုပ်နဲ့လိုက်ခဲ့ပေးပါ။ အစောင့်ရဲမက်တွေနန်းတော်ထဲကို ရေးကြီးသုတ်ပြာနဲ့ဝင်သွားတာပုံမှန်တော့မဟုတ်လောက်ဘူး။ မင်းသမီးလေးအတွက်စိုးရိမ်ရတယ်။ ဒီတော့အကျွန်ုပ်တို့သုံးယောက် မုဒ်တံခါးဝအနားကိုသွားမယ်။ ဒီမှာကျန်ခဲ့တဲ့သူတွေက မြင်းရထားလှည်းနဲ့မြင်းများကိုအသင့်ပြင်ထားပေးပါ"

ဝဏ္ဏကိုကဲ့သို့ဆိုပြီး ကျန်နှစ်ယောက်ကိုခေါ်ကာ ထိုနေရာမှထွက်လာခဲ့လိုက်လေသည်။ ထိုစဥ် ဘေးနားတွင်ရှိနေသော မြင်းကြီးငွေတောင်ပံသည်လည်း သခင်၏အငွေ့အသက်ကိုရသည့်အလား အစာစားနေရင်းမှရုတ်တရတ် မုဒ်တံခါးပေါက်အဝသို့ဒုန်းစိုင်းပြေးထွက်သွားလေသည်။

"ဟာ..ငွေတောင်ပံကတော့ နန်းတော်အပေါက်ဝကိုသွားပြီ။ ကြည့်ရတာ။ သူ့သခင်ကိုလည်းစိတ်မချလို့ထင်တယ်"

"ဟုတ်လောက်မယ် ကိုဗျတ္တရေ။ ကဲ အကျွန်ုပ်တို့တွေလည်း မင်းသမီးလေးတို့ထွက်လာရင် တစ်ခါတည်းပြေးနိုင်အောင်အသင့်ပြင်ထားရအောင်ဗျာ"

ထိုကိုယ်ရံတော်များလည်းထိုကဲ့သို့ဆိုပြီး မြင်းရထားနှစ်စီးနှင့် မြင်းများကိုအသင့်ပြင်ထားလို့နေသည်။

မုဒ်တံခါးပေါက်ဝသို့ရောက်ခါနီးနေသော ဝတီတို့မှာလည်း အပေါက်ဝသို့မရောက်မီ အပြင်ကနေဝင်လာသော အစောင့်ရဲမက်ငါးယောက်က ဝတီတို့ကိုထွက်မရအောင် တံခါးပေါက်အဝကိုပိတ်ကာဝိုင်းထားကြလေသည်။ လာပြန်ပြီ။ အခုနကလည်း အစောင့်နှစ်ယောက်ကိုအမှောက်သိပ်ပြီးသွားပြီ။ အခုဒီရဲမက်တွေက နန်းတော်အပြင်ဘက်တံခါးဝမှာစောင့်နေကြတာနဲ့တူတယ်။ အသံကြားလို့အထဲကိုပြေးဝင်လာကြတာနေမှာ။ ထို့နောက် ဝတီလည်း သခင်မနှင့်ကျန်သုံး​ယောက်ကို ဘေးနားတွင်ရပ်နေကြရန်ပြောလိုက်ပြီး မိမိခါးကြားထဲတွင်ထိုးထားသောဓားကိုထုတ်လိုက်လေသည်။

ဒေဝီသခင်မWhere stories live. Discover now