Chapter Twenty-Seven {Z+U}

5K 521 18
                                    

Zawgyi

Baek Hyun's pov :

မြို့တော်ထဲမှာ နိုးထရသည့် မနက်ခင်းနှင့် တောတောင်ထဲမှာ နိုးထရသည့် မနက်ခင်း တော်တော်လေး ကွာတာပါ ။

ပုံမှန်ဆို လူသံသူသံအချို့ကြောင့် မနက်ခင်းကို နိုးထခဲ့ရသည့် ကျွန်တော် အခု ချစ်ရသည့်သူနှင့်အတူ တောထဲ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်နေရသောအခါ ကျေးငှက်သာရကာများ၏ ချိုသာသော အော်မြည်သံနှင့်အတူ နိုးထခဲ့ရပါသည် ။

မြို့တော်ထဲ နေရသည်ကို သဘောမကျသည်တော့ မဟုတ်ပေမယ့် ကျွန်တော် သည်တောထဲမှာ Chan Yeol နှင့်အတူ နေရသည်ကို အလွန်ပင် သဘောကျမိသည် ။ ကျွန်တော်လိုချင်သည့် ဘဝက သည်လိုဘဝမျိုးပဲလေ ... ဘာအပူအပင်မှ မရှိဘဲ အေးအေးဆေးဆေးနေရသည့်ဘဝမျိုး ။

ယနေ့လည်း အိမ်ရှေ့နားက သစ်ပင်ဆီမှ ငှက်ကလေးများ၏ တကျိကျိ အော်မြည်သံတွေကြောင့် နိုးလာခဲ့သော်ငြား မထသေးဘဲ မျက်လုံးလေးမှိတ်ကာ မှိန်းနေမိသည် ။ မနက်တိုင်း ကျွန်တော် နိုးထလာနေကျ ရင်ခွင်တစ်ခု၏ အနွေးဓာတ်ကို မခံစားရသောအခါ ကျွန်တော် သက်ပြင်းချမိ၏ ။

* ဒီနေ့လည်း ထပ်သွားပြန်ပြီပေါ့ *

သူ ကျွန်တော့်ကို အသိမပေးသော်လည်း တစ်ပတ်တစ်ခါ မနက်တိုင်း သူ ထသွားနေကျ နေရာကို ကျွန်တော် မှန်းဆမိပါသည် ။

အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတို့ကို ပွတ်ပြီး ထထိုင်လိုက်ကာ အိပ်ယာခင်းအောက် ကြမ်းပြင်တွင် ပြန့်ကျဲနေသော အင်္ကျီတို့ကို လိုက်ကောက်ရ၏ ။

အင်္ကျီဝတ်ဆင်ခြင်းအမှု ပြီးဆုံးသွားသောအခါ ဘာမှမလုပ်သေးဘဲ ငူငူငိုင်ငိုင်သာ ထိုင်နေမိသည် ။

* ကျွန်တော် လုပ်နေတာ မှန်ရဲ့လား ? *

သည်လိုအတွေးမျိုး ဝင်မိနေသည်မှာ တစ်ကြိမ် နှစ်ကြိမ်မကတော့ ။

Chan Yeol က ကျွန်တော့်ကြောင့်နှင့် သူချစ်ရသော သူ့တိုင်းပြည်ကို စွန့်ခွာလာခဲ့ရသည် ။ ကျွန်တော် သူ့ကို ချုပ်ထားမိသလိုများ ဖြစ်နေလေမလား ။ သူ ချစ်ရသည့် တိုင်းသူပြည်သားများနှင့် ခွဲပြီး ကျွန်တော်နှင့်အတူ သည်တောထဲတွင် နေထိုင်ရသည်ကို သူ သဘောကျပါ့မလား ။

SUPERNATURALWhere stories live. Discover now