တိုက်ဆိုင်မှု တစ်ခုသာ မရှိခဲ့ပါက ...
ငါ့ အမြင် အာရုံတွေသာ မကောင်းခဲ့ပါက
ငါ့နှလုံးသားဟာ မုန်းတတ်ပါက
ငါ့မျက်ဝန်းတွေဟာ ထိုအရာကို မစွဲလန်းခဲ့ပါက...
|| နေ၍ လေ၍ သာ လွမ်းတော့လေ ||
"နေ ဘယ်တော့မှ မင်း ဆေးရုံ သွားမှာလဲ ?"
ခပ်ဆပ်ဆပ် ထွက်လာတဲ့ မေမေ အသံကြောင့် ငါ မဲ့ပြုံးပြုံးလိုက်မိလေသလားတော့ မပြောတတ်ပါလေ
"မင်းဆိုတဲ့ ကလေးဟာ ဘယ်သော အခါမှများ လူတစ်ယောက် စကားပြောရင် ပြန်ဖြေမှာလဲ အဲ့အကျင့်က မကောင်းဘူး နေခ၀ဏ္ဏ"
မေမေ ဟာ အမြဲ ထိုစကား ပြောတတ်သည် ဘယ်နှယ့်ကြောင့်များ ငါ့အား စကားပြောစေရန် သူတို့တွေ ကြိုးစားနေကြသလဲ မပြောတတ်ချေ
နေခ၀ဏ္ဏဘ၀မှာ ဘယ်သော အခါမှ စကားကို လိုတာထက် ပိုမပြောတတ် လိုအပ်မှ သာ ပြောမည် လိုအပ်မှသာ ဖြေကြားမည် လိုအပ်မှသာ ပြုံးရယ်မည် ။ မလိုအပ်ဘဲ လုပ်ရတဲ့ အပိုအလုပ်တွေဟာ သိပ်ကို စက်ဆုပ်စရာ ကောင်းပါဘိ။
စိတ်ရူပ်လှတဲ့ အဆုံး စာအုပ်ဖတ်နေရာမှ ထကာ ရေချိုးခန်းထဲ ၀င်ပြီး ဆေးရုံ သွားဖို့ ပြင်ဆင်ရလေတော့သည်။ ငါ့တွင် ခွဲခြားထားသော ပုံရိပ်တွေ ရှိသည်။ အိမ်တွင် ရှိသော နေခ၀ဏ္ဏသည် တနေကုန် စကားတစ်ခွန်းပင် ပြောလေ့မရှိသော်လဲ နေရာတိုင်းတွင် တည်ငြိမ်သော်လဲ ဆေးရုံကို ရောက်သော အခါဝယ် သိပ်ကို တည်ကြည်လေးစားရပြီး စကားပြောတိုင်း လေးစားရသော လူတစ်ယောက်အဖြစ် တည်ရှိနေခဲ့သည်။
ငါ့ဘ၀ ဇာတ်ကြောင်းကတော့ သိပ်စိတ်ဝင်စားဖွယ် အတိမရှိလှ။ ချမ်းသာသော စော်ဘွားမျိုးနွယ် တစ်ခုက မွေးဖွားထားသော နောက်ဆုံးမျိုးဆက် မွေးထဲကပင် နို့ချို တိုက်ဖို့မဆိုလှ မျက်နှာတောင် မကြည့်သော မိခင်သည် ၇ရက်မြောက်နေ့တွင် ၀ယ် သူ၏ သံတမန် အလုပ်ဖြင့် တရုတ်ပြည်သို့ သွားရောက်ကာ ငါဆရာဝန် ပေါက်စ ဘ၀တွင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ သူ့အလုပ်တာဝန်တွေကို ဦးစားပေးတတ်သော ထိုအနှီအမျိုးသမီးအား စိတ်ဝင်တစား လွမ်းမောတသ ငိုကြွေးတမ်းတဖို့ရန်တော့ ငါစိတ်မ၀င်စား။ ကလေးဘ၀ထဲက တည်ကြည်ပြတ်သားတဲ့ ဖခင် ရဲ့ ထိန်းသိမ်းမှု နွေးထွေးလှတဲ့ ဘိုးဘွားတွေရဲ့ ဖေးမမှုဖြင့် ကြီးပြင်းခဲ့သော်လည်း သံတမန် အမေရဲ့ သွေးက ဘယ်လောက်ပိုများနေလဲတော့ မသိ ငါသည်လည်း နွေးထွေးမှု ဖော်ရွေမှု အပြုံးတို့ကို လိုအပ်မှသာ သုံးတတ်သော သူဖြစ်နေလေ၏။ ဖေဖေသည်ပင် "နေ မင်းက မင်းအမေနဲ့ သိပ်တူတယ် ဒါမယ့် ဖေဖေနဲ့ တချို့နေရာတွေ တူလို့တော့ သိပ်ကံကောင်းသိပ်ပျော်တယ် သား"