တစ်ခါတစ်လေ မင်းကို သိပ်လွမ်းကြောင်း ကိုယ်ကပြောပြချင်တာ ……။
မင်းထားခဲ့တဲ့ စောက်ဂရုမစိုက်ခြင်းတွေကို တယုတယ ကောက်သိမ်းပြီး မင်းနောက်ကျောကို ကြည့်ရင်း ချစ်ခြင်းမေတ္တာအကြောင်း ဟစ်အော်နေတဲ့ ငတိမက ကိုယ်ပါပဲ။အိပ်မက်လှလှတွေကို ကိုယ်သိပ်ချစ်တာပေါ့ … ။
ဘယ်တုန်းကမှ မနီးခဲ့တဲ့ ကိုယ်တို့ခြေလှမ်းတွေကိုလဲ နီးသယောင်ဖြစ်အောင် ကိုယ်ပဲ အပြေးလေးလိုက်ခဲ့တာ။
တကယ်တော့ မင်းလဲ မပြေးပါဘူး ……။
ဒါပေမယ့် ကိုယ်လဲ လိုက်မမှီဘူး။မင်းက ကိုယ့်လက်ကလေး ခပ်ဖွဖွကိုင်ပြီး "ဒါ ကျွန်တော့်ချစ်သူပါ " လို့ လောကကြီးကို ရင်ဆိုင်လိုက်လိမ့်မယ် … ။
ကိုယ့်မှာ လက်တွေ့ဖြစ်မလာတဲ့ အိပ်မက်တွေရှိတယ်။
အရေးအကြီးဆုံး အိပ်မက်က မင်းပါပဲ။လက်လျှော့ပါ လက်လျှော့ပါလို့ ကိုယ့် ဦးနှောက်က ကျန်ရစ်ခဲ့သမျှ မာနလေးနဲ့ မာန်တင်းနေလေရဲ့ ။ ကိုယ့်နှလုံးသားကတော့ မှီရာ လှမ်းရာ မင်းနောက်ကျောကို အမျှင်မပြတ် ငေးမိနေတုန်းပဲ။ ချစ်လိုက်တာကွာ …… ။
ဒါပေမယ့် ကိုယ် မပျော်မိသလိုပါပဲ။ကြည်နူးစရာ အချစ်ဇာတ်လမ်းတွေကို မုန်းလာတယ်။ လက်တွေ့မဆန်ရလေခြင်း ဆိုပြီး အပြစ်တွေ ရှာတတ်လာတယ်။ မင်း ဘေးကို ကိုယ် အပြေးလေး သွားတယ်။ ပင်ပန်းစွာ …… မောဟိုက်စွာ …… တမ်းတစွာ
မင်းဘေးမှာတော့ ကိုယ့်အတွက် နေရာတစုံတရာ မရှိပါဘူး။ဘယ်တုန်းကမှလဲ မရှိခဲ့ပါဘူး ။
အရင်ကကော ……။
အခုကော …… ။
နောက်ကော … ။