မပြိုသောမိုးကိုမှ မျှော်မိတယ်
ထပ်မဖွင့်တော့မယ့် တံခါးအဝါရောင်လေးရဲ့
အနောက်ဘက်ကို မြင်ယောင်ပါ..
ကျွန်တော်ဟာ နွမ်းခြောက်ခြောက်ပန်းလေးတစ်ပွင့်ဖြစ်တယ် ။တိမ်တွေနဲ့အနီးဆုံးမှာ သူဟာ တောက်ပတယ်
သူပြုံးတဲ့အခါ ကျွန်တော့် ကမ္ဘာက လင်းတယ်...
သူဝမ်းနည်းတဲ့အခါ ကျွန်တော့်ကမ္ဘာက မှောင်တယ်...
ဖြစ်တည်မှုအဆုံးမှာ ကျွန်တော်သာ ကြည်နူးရပါတယ် ။တနင်္ဂနွေနေ့တွေမှာ ကျွန်တော့် ကမ္ဘာလေးနဲ့ နှစ်ယောက်တည်း ဆုံခဲ့ဖူးတယ် ...
ညာလက်ခုံပေါ်က အမှတ်လေးကို ကျွန်တော်နမ်းချင်ကြောင်း မပြောလိုက်ရတဲ့ တနင်္ဂနွေနေ့တွေပေါ့ ...
ကျွန်တော့်နှုတ်ခမ်းတွေ ဒီနေ့ထိ နွေးနေသေးကြောင်း
အတိတ်ကာလမှာ ကျွန်တော် တစ်ယောက်တည်း ရပ်တန့်နေတဲ့အကြောင်းတွေလဲ ပါတာပေါ့လေ ။ယတိပြတ် မစွန့်လွှတ်နိုင်တဲ့အခါ မေတ္တာတရားက ပြန်လမ်းမဲ့ပါတယ် ...
သူ့ကိုချစ်တဲ့အခါ သူပေးတဲ့ ဥပေက္ခာတရားကိုပါ ချစ်ရပါတယ် ...
လေထဲက သူ့ရဲ့အသံတွေ ကြားရတယ်
လေထဲကပဲ သူ့အပြုံးတွေ မြင်ရတယ်
စိတ်နဲ့ ပုံဖော်သမျှမှာ အနာဂတ်တွေက အလှပဆုံးပေါ့...
ကျွန်တော့် ကမ္ဘာလေး စိတ်ချမ်းသာတဲ့အခါ ကျွန်တော်လည်း ကြည်နူးရပါတယ် ။အချစ်ဆုံးသူ မဖြစ်ရင် အမုန်းဆုံးသူ ကိုယ်သာ ဖြစ်ပါစေ လို့ ကျွန်တော့်ဆုတောင်းတာများ သူကြားတဲ့အခါ
သိပ်မိုက်မဲတဲ့ ကောင်မလေး လို့ ကျွန်တော့်ကို ဆူပူဦးမလား ...
အနှောင်အဖွဲ့တွေမှာ နေသားကျနေပြီ ဖြစ်ကြောင်း
ခံနိုင်ရည် အပြည့်အဝရှိနေကြောင်း ခေါင်းမာမာနဲ့ မာန်တင်းပြတဲ့အခါ ကျွန်တော့်ကမ္ဘာလေးနဲ့ ကျွန်တော်တို့ လက်ချင်းဆုပ်ကိုင် နိုင်ပါဦးမလား ...။မပြိုသောမိုးကိုမှ မျှော်မိတယ် ...
ထပ်မဖွင့်တော့မယ့် တံခါးအဝါရောင်လေးရဲ့
အနောက်ဘက်ကို မြင်ယောင်ကြည့်ပါ ...
ထီးမဖွင့်ချင်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ် ...
သူဟာ ဘယ်တော့မှ ထီးမဖွင့်မယ့် ကောင်မလေးလဲ ဖြစ်ပါတယ် ။ ။- N A M I -