သူနှင့် ကြံဖန်မြင်တတ်မူ
*****************
ဆရာတာရာမင်းဝေက ကြံကြံဖန်ဖန်တွေးတောရုံတင်မကပါဘူး။ ကြံကြံဖန်ဖန်လည်း မြင်တတ်တဲ့ သူပါ။ သူက ပတ်ဝန်းကျင်ကို အမြဲတစေ အသေးစိတ် လေ့လာ စောင့်ကြည့်နေတတ်တဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒါကို သူရဲ့ ကျွန်တော်နှင့်ဆောင်းရာသီဒဿနမှာ တွေ့မြင်နိုင်ပါတယ်။ သူဖော်ပြထားပုံက ဒီလိုပါ။
(ဖြူဖွေး အိမ်သာတတ်တဲ့ကိစ္စက စပြောရင် ကောင်းမယ်။ ဖြူဖွေးဆိုတာ အပျိုပေါ်က် ကောင်မလေး မဟုတ်သလို၊ လူလည်း မဟုတ်ပါဘူး။ ကျွန်တော်အိမ်မှာ မွေးထားတဲ့ ကြောင်ဖြူလေးပါ။ တစ်နေ့မှာ ခြံထဲဆင်းပြီး ကျွန်တော်စာဖတ်နေတုန်း သူက မလှမ်းမကမ်း သဲမြေပွပွပေါ်မှာ အပေါ့အလေးသွားဖို့ လုပ်ပါတယ်။ ကျင်းအရင် တူးပါတယ်။ သူတို့ရဲ့ သဘာဝအတိုင်း လက်ကလေးနဲ့ ယက်ယက်လို့ပေါ့။ ကျင်းတူးပြီးတဲ့အချိန်မှာ သူ တောထိုင်ဖို့လုပ်ပါတယ်။ ဒါပေမယ့် သူ့သဲကျင်းက ချက်ချင်းပြန်ပြိုကျသွားတယ်။ သူညှစ်အားထုတ်မယ့် အချိန်မှာပဲ သဲကျင်းက မရှိတော့ဘဲ မူလမြေပြင်အတိုင်း ပြန်ဖြစ်သွားပါပြီ။ ဒါပေမယ့် သူပြန်လှည့်ကြည့်ပြီး စိတ်ညစ်သွားပုံ ရပါတယ်။ ဒါပေမယ့် ပြန်ကြိုးစားတယ်။(အောင့်လည်း အောင့်ထားနိုင်တယ်။) လက်ကလေးနဲ့ ယက်ယက်ပြီး ပြန်တူးပြန်တယ်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ)
စာဖတ်သူကတော့ တွေးမိမှာပါ။ ဆရာတာရာမင်းဝေဟာ ကြောင်ချေးပါတာကအစ လိုက်ကြည့်နေတယ်လို့ပေါ့။ ဒါက ဆရာတာရာမင်းဝေက လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ သူ့ပတ်ဝန်းကျင်ကို အသေးစိတ်၊အနုစိတ်ပြီး မြင်ကြည့်တတ်တာမျိုးပါ။ ပြီးတော့ ဒီကိစ္စကိုလည်း စာအုပ်ထဲ ထည့်ရေးနိုင်လောက်အောင် ကြံကြံဖန်ဖန် တွေးတောနိုင် တာကိုကလည်း သူရဲ့ပါရမီရှိမူလို့ ဆိုရမှာပါ။ ရှိပါသေးတယ်။ သူရဲ့ ကြံကြံဖန်ဖန် မြင်တတ်မူလေးတွေပါ။ တစ်ခါတစ်လေ ရယ်စရာကောင်းနေတာကိုလည်း တွေ့ရပါတယ်။
("လူတွေ အတော်ရှုပ်တာဘဲ၊ စာကလေးတွေဆို ဘယ်လိုနေမယ် မသိဘူး။"
"ဘာဖြစ်လို့လဲ။"
"တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းဆင် သွားတာနဲ့ လူတွေမှာ ပြဿနာဖြစ်နေတယ်။ စာကလေးတွေဆို ဘယ်လိုလုပ်မလဲ။ တစ်ကောင်နဲ့တစ်ကောင် ဆိုဒ်တူ၊ ဂိုက်တူ၊ မျက်နှာပေါ်က်ချင်း လဲ အတူတူ ၊ သူတို့ချင်းတော့ ဘယ်လိုခွဲသလဲ မသိဘူး။"
"မင်း...အဲဒါဆို ကျီးကန်းတို့၊ ပုရွက်ဆိတ်တို့၊ ပျားတို့ ၊ ခြတို့ ဘယ်လိုလုပ်မလဲ။"
"အဲဒါကို ပြောတာပေါ့၊ "
"ငါလည်း ဟား..ဟား..မင်းလို့ စဉ်းစားမိသေးတယ်။ ပုရွက်ဆိတ်တန်းကြီးကို ကြည့်ပြီးတော့ပေါ့။ "
"ဘာဖြစ်လို့လဲ။"
"အဲဒီ ပုရွက်ဆိတ်တန်းတစ်ခုမှာ နောက်ဆုံးတန်းက ပုရွက်ဆိတ်က.."
"ဘာလဲ နောက်ဆုံးတန်းက ပုရွက်ဆိတ်ဆိုတာ"
"နောက်ဆုံး ပုရွက်ဆိတ်ကွာ"
"သူက ဘာဖြစ်လို့လဲ။"
"သူက ဘာကြောင့် နောက်ဘိတ်ဆုံး ဖြစ်နေရတာလဲ။ တာဝန်အရလား၊ အပျင်းကြီးလို့လား၊ တန်းစီ နောက်ကြလို့လား။ ဘာလို့ နောက်ဘိတ်ဆုံး ဖြစ်နေရတာလဲ။) (ကိုယ်ရေးကိုယ်တာ ပုရပိုက်မှ) ဆရာတာရာမင်းဝေဟာ တကယ့်ကို ကြံကြံဖန်ဖန် မြင်ကြည့်ပြီး ကြံကြံဖန်ဖန်တွေးတာပါ။ ဒါမျိုးအတွေးတော့ လူတစ်ရာမှာ တစ်ယောက်မတွေးပါဘူး။ ဒီလိုမျိုးတွေးတတ်ဖို့က လည်း သူရဲ့ အရာရာပေါ် အသေးစိတ်ကြည့်မြင်တတ်ခြင်းနဲ့ အများကြီး ပတ်သက်နေပါတယ်။ ဒါကြောင့် ဆရာတာရာမင်းဝေဟာ သူပတ်ဝန်းကျင်ကို အသေးစိတ်ပြီး ကြံဖန်မြင်ကြည့်သူတစ်ယောက်လို့ ကျွန်တော်ဆိုရခြင်းပါ။ ဒီအတွက် ကျွန်တော်တို့မှာလည်း ပတ်ဝန်းကျင်ကို အသေးစိတ်လေ့လာဖို့လိုနေတာ အမှန်ဆိုတာကိုလည်း ကိုယ့်ဘာသာတွေ့မြင်လာရပါတယ်။ ကျွန်တော်လည်း အားတဲ့တစ်နေ့တော့ အိမ်ကတိရိစ္ဆာန်တွေကို လေ့လာကြည့်ပါဦးမယ်ခင်ဗျ။