“ ဟာသအိမ်ကလေး ”
...... Episode 14 ......
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
" ဟေ့ကောင် … နေမင်းထိုက် … မင်း အခုလုပ်နေတဲ့ အလုပ်ကို ထွက်လိုက်တော့ …"
ဖေဖေက အလုပ်ထွက်ခိုင်းနေသောကြောင့် နေမင်းထိုက် စိတ်ညစ်သွားသည် ။
သည်အလုပ်ကို နေမင်းမထွက်ချင် ။ ကိုမင်းမြတ် အနားမှာ ရှိနေရလျှင် နေမင်းထိုက် ပျော်သည် ။ သို့သော် နေမင်းက ဖေဖေ့ကို ခဏပဲ အဲ့မှာ လုပ်ပါမည်ဟု ကတိပေးထားခဲ့ဖူးသည် ။
" ဖေဖေရယ် … သား အဲ့မှာ ပျော်လို့ပါ … အဲ့မှာပဲ ဆက်လုပ်လို့ မရဘူးလားဟင် …"
" ဒါဆို ငါ့လုပ်ငန်းတွေကို ဘယ်သူက ဦးစီးပေးမှာလဲကွ …"
" That’s right My son ,
မင်း ဒက်ဒီ ပြောတာ အရမ်း Right တယ် …
မာမီလည်း ဆက်ပို့ (suppose) လုပ်တယ် …"
မေမေက လက်သည်းနီကို လေလေး မှုတ်ရင်း ပြောနေသည် ။ နေမင်းထိုက် မေမေက တော်တော်လေးတော့ ဘိုဆန်သည် ။ စကားပြောလျှင်လည်း အင်္ဂလိပ်လိုတွေ ညှပ်ညှပ်ပြောတတ်သည် ။
အသံထွက်က သိပ်မကောင်းတော့ တစ်ခါတစ်ခါ နေမင်းထိုက် မနည်း နားထောင်ရသည် ။
တစ်ခါတုန်းက ဆိုပေါ့ … ။
မနက်စောစောစီးစီး မာမီပြောလိုက်သော စကားကြောင့် နေမင်းထိုက် လန့်သွားဘူးသည် ။
" သားရယ် … မင်း ဖေဖေက အရမ်း ဖက်ခ် တာပဲတဲ့ ။ "
ဗျာမေမေ … ဘာပြောတာလဲ ဆိုတော့မှ
သားဖေဖေက ၀ိတ်မလျှော့တော့ အရမ်းဝလာတာကို ပြောတာတဲ့ ။ သိဘူးလေ … ။
ဗျာမေမော ကြားတာ F_ck လို့ ကြားတာကိုး …
Fat လို့မှ မကြားမိပဲ ။ အဲ့လို အင်္ဂလိပ်ကို ကောင်းသော မေမေ ဖြစ်သည် ။
" မင်း သည်နေ့ အလုပ်မှာ တစ်ခါတည်း ထွက်စာ တင်ခဲ့ … ကြားလား … မင်း ဖေဖေ့ကို အဲ့မှာ ခဏပဲ အတွေ့အကြုံရအောင် လုပ်ပြီးရင် ထွက်ပါ့မယ်ဆို …"
" ဟုတ်တယ်သား … မင်း ဒယ်ဒီပြောတာ …
အရမ်း Right တယ် … မန်းဆိုတာ သူ ဆေး (say) ထားတဲ့ စကားကို တည်အောင် ဒူး(do) ရတယ် သားရဲ့ … သား မန်း(man) မဟုတ်ဘူးလား … ပရောမစ်ကို တည်လိုက်စမ်းပါကွယ် …"
စိတ်ညစ်ရသည့်အထဲတွင် မေမေ့ အင်္ဂလိပ်စာ ညှပ်ပြောနေသည်ကို နားထောင်ရသည်လည်း ပါသေးသည် ။
သား မန်း မဟုတ်ပါဘူး
မနေ့က ကားတစ်စီး ဘေးက ရှပ်တိုက် သွားတာ ၀ူးကနဲ အသံမြည်သွားလို့ သား အခု
ဝူးမန်း ဖြစ်နေပါပြီ လို့ပါ ပြောပစ်လိုက်ချင်သည် ။
" ဟုတ်ကဲ့ပါ … သား … သား သည်ရက်ပိုင်းအတွင်း ထွက်နိုင်အောင် လုပ်ပါ့မယ် …"
ကုမ္ပဏီကို ရောက်တော့ ကျက်သရေတုံးမကို စတွေ့လိုက်ရသည် ။ စည်သူမ … ။
ဟိုတစ်လောက ဦးမြတ်သူရ နယ်လွှတ်လိုက်လို့ နည်းနည်း မျက်စိအေးသွားခဲ့သေးသည် ။
ကောင်မက ထုံးစံအတိုင်း အသံစွာစွာ ဆာတာတာနှင့် ကိုမင်းမြတ် အနားတွင် စကားတွေ သွားပြောနေသည် ။
" ကိုကိုမြတ်ရယ် … စည့်ကိုလေ …
ကိုကို့အဖေက အရင် နယ်လွှတ်လိုက်တယ် … နယ်ရောက်တော့ နယ်က သူဋ္ဌေးက သဘောကျလို့ ထပ်ပြီး နယ်လွှတ်လိုက်ပြန်ရော …
အဲ့လိုနဲ့ အဆင့်ဆင့် နယ်လွှတ်လိုက်ကြလို့ သည်လောက် ကြာသွားတာလေ …
ကိုကိုမြတ်ရော စည့်ကို နယ်လွှတ်ဦးမှာလားဟင် …"
ကောင်မက သူ့ဖင်ကြီးကို အနောက်ကို ကောက်ကောက်ကြီး ပစ်ထားပြီး အတင်းကြီး နယ်လွှတ်ခိုင်းနေသည် ။ တေရော … တေရော ။
အဲ့တာတွေကို စိတ်မချလို့ နေမင်းထိုက် သည်ကုမ္ပဏီက မထွက်နိုင်တာ ။
နေမင်းထိုက် ရှိနေတာတောင် ကောင်မက သည်လောက် စမံထနေတာ ။
" အေး … နင့်ကို ကိုကိုမြတ်တော့ နယ်မလွှတ်ဘူး … ငါပဲ နယ်လွှတ်ပေးမယ် … ဒူးရင်းသီးကို မော်တာတပ်ပြီး နင့်ကို နယ်ပေးမယ် …"
" မသိလို့နော် … မေးပါဦးမယ် … နင့်ကို ဘယ်သူက မေးနေလို့ နင်က လာဖြေနေတာလဲ …"
စည်သူမက ဒဲ့ကြီး ပြောချလိုက်သောကြောင့် နေမင်းထိုက် ဆက်ဆက်ထိမခံ နာသွားမိသည် ။
ဒင်းလို ခြောက်မကများ ။
" ဟဲ့ … ကိုမင်းမြတ်ကို ပြောတာ ငါ့ကို ပြောတာနဲ့ တူတူပဲ … နားလည်လား …"
" အဲ့လိုဖြစ်ရအောင် ကိုမင်းမြတ်က နင့်ကို တရားဝင် ယူထားတာလည်း မဟုတ်ဘူး … အရေးထဲ စိုးမြတ်သူဇာနဲ့ လာတွေ့နေသေးတယ် …"
" ကဲကဲ … နေမင်းထိုက် … ညီ … ဘာမှမပြောနဲ့တော့ … လာ … အစ်ကို ညီနဲ့ ပြောစရာရှိလို့ … ရုံးခန်းထဲ ခဏလိုက်ခဲ့ …"
အခန်းထဲရောက်တော့မှ နေမင်းထိုက် မကျေနပ်သမျှကို တတွတ်တွတ် ရွတ်မိတော့သည် ။
" ညီကလည်းကွာ … စိတ်ကို ထိန်းမှပေါ့ … သူ့ကို အစ်ကိုက ကြိုက်မှ မကြိုက်တာ … ညီလည်း သိတာပဲကို … ညီ့ကို ချစ်လို့ ညီ့ကိုပဲ အစ်ကို ရွေးခဲ့တာလေ …"
" ကဲပါ … ဟုတ်ပါပြီ … ညီ့ကို ပြောစရာ ရှိတယ် ဆိုတာ ဘာလဲဟင် …"
ဖေဖေက အစ်ကိုတို့ အကြောင်းတွေကို ရိပ်မိကုန်ပြီ … ဘယ်လို လုပ်ရမှန်းကို အစ်ကို မသိတော့ဘူး ညီရယ် …
" အစ်ကို … ညီ့ဖေဖေကလည်း အလုပ်က ထွက်ခိုင်းနေပြီ … သူ့အလုပ်မှာ ကူပြီး လုပ်ပေးစေချင်နေပြီ …"
" ညီက ဘာပြောလိုက်လဲ … မထွက်ချင်ဘူးလို့ မပြောလိုက်ဘူးလား …"
" ဘယ်နေမလဲ … ပြောတာပေါ့ အစ်ကိုရယ် … ဒါပေမယ့် ဘယ်လိုလုပ်ရမလဲကို မသိတော့ပါဘူး …"
မင်းမြတ်ရော နေမင်းထိုက်ရော နှစ်ယောက်လုံး ပြိုင်တူသက်ပြင်းချမိကြသည် ။
တစ်ခါတစ်လေတော့လည်း လောကကြီးသည် ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတတ်ပေ ။
ထိုအခါတွင် ပျော်စရာတွေသည် လွမ်းစရာများ ဖြစ်လာတတ်ကြလေသည် ။
" မင်းမြတ် … မင်းကိုငါ ကြည့်နေတာ တော်တော် လွန်နေပြီနော် … အဲ့ကောင်လေးနဲ့ မင်း သည်နေ့လဲ အခန်းထဲမှာ နှစ်ယောက်ထဲ တွေ့တယ်ဆို … ဟုတ်လား …"
ဖေဖေ မေးလိုက်သော စကားကြောင့် မင်းမြတ် စိတ်ညစ်သွားမိသည် ။ ဖေဖေကလည်း မင်းမြတ်ကို သည်တစ်လောဆိုလျှင် ကျပ်ဖို့ပဲ သိသည် ။
" အေး … မင်းကို အခု ငါ အတွင်းရေးမှူး ပြောင်းပေးလိုက်ပြီ … နေမင်းထိုက်နေရာမှာ စည်သူဆိုတဲ့ ကောင်လေးကို ငါ ခန့်လိုက်ပြီ … သည်ကောင်လေးက နေမင်းထိုက်လို မဟုတ်ဘူး … ယောက်ျားပီပီသသ … ကျားကျားယားယားလေး …"
မင်းမြတ် ဖေဖေ့စကားကြောင့် မျက်စိပင် ပြူးသွားသည် ။ သည်လောက် မိတ်ကပ်တွေနဲ့ ခြောက်နေတာကို ယောက်ျား ပီပီသသ ကျားကျားလျားလျားလေးတဲ့ ။
လုပ်ကြပါဦး အရပ်ကတို့ရေဟုသာ မင်းမြတ် အော်လိုက်ချင်သည် ။
အခန်းတံခါး ခေါက်ပြီး ၀င်လာသူက စည်သူဖြစ်သည် ။
ဝင်လာကတည်းက ရေမွှေးနံ့ မွှန်ထူနေပြီး မိတ်ကပ်တွေ အွန်ထားသော စည်သူမကို ယောက်ျားစစ်သည်ဟု ပြောသော ဖေဖေ့ကို မင်းမြတ် အံ့သြပြီး နှစ်ခါပြန် ကြည့်မိသည် ။
" အစ်ကိုကြီး … သည်မှာနော် … အစ်ကိုကြီး ယူခိုင်းတဲ့ စာရွက်စာတမ်းတွေ …"
စာရွက်တွေ ချပြီးသွားတော့ စည်သူမက မင်းမြတ်တို့ သားအဖ နှစ်ယောက်လုံးကို မျက်စိမှိတ်ပြပြီး
ဖင်ကို ရမ်းပြီး အခန်းပြင် ထွက်သွားလေသည် ။
" တွေ့လား … မင်းရဲ့ နေမင်းထိုက်နဲ့ တခြားစီပဲ …"
မင်းမြတ် ဖေဖေ့အကဲခတ် ကျွမ်းကျင်မှုကို စလံပေး လက်ဖျားခါလိုက်ရလေတော့သည် ။
***********
ဆက်ရန်ရှိသေးသည်။
Written by Dr.Min Khant (မင်းခန့်နိုင်)
#BurmaLGBT
YOU ARE READING
ဟာသ အိမ်ကလေး ...
Teen Fictionဂေးဖြိုနည်းဝတ္ထုကိုရေးသားခဲ့တဲ့ ဒေါက်တာမင်းခန့် (မင်းခန့်နိုင်) ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုပါ ... ။ MLGBTS website ကို အသုံးပြုဖူးသူများကတော့ ဖတ်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ် ... ။ မဖတ်ရသေးသောသူများအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ ဂေြး...