Episode 16

1.2K 80 0
                                    

“ ဟာသအိမ်ကလေး ”
...... Episode 16 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -



နေမင်းထိုက်တစ်ယောက် စည်သူမကို ကြည့်ပြီး ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ထွက်နေမိသည် ။ ကောင်မက သူ့ကိုယ်သူ ကိုမင်းမြတ်ရဲ့ PA ဆိုပြီး ဂုဏ်လာတက်ပြနေသောကြောင့် ဖြစ်သည် ။
အခုလည်း ကြည့်လေ … ။ ကိုမင်းမြတ် အလုပ်စားပွဲကို ဖုန်သုတ်ရင်း သီချင်းလေး တအေးအေး ဆိုနေတာ … ။


🎶 အချစ်ဆိုသည်မှာ ကြည်နူးမှုများနှင့် ဆန်းကြယ်သော အရာ … အခြောက်ဆိုသည်မှာ … အဲလေ … ဟုတ်ပါဘူး … အချစ်ဆိုသည်မှာ …🎶


စည်သူမက သူ့ကိုယ်သူ ရှက်စနိုးလေးနှင့် သီချင်းစာသား မှားသွားသည်ကို လျှာလေးထုတ်ပြီး ခေါင်းလေးပုပြကာ အိုက်တင်တွေ လုပ်နေသေးသည် ။
နေမင်းထိုက် ဘေးနားကို ရောက်သွားပြီး ချောင်းတစ်ချက် ဟန့်ပေးလိုက်သည် ။
ဘာမှ မဟုတ်ပါဘူး … ။
နင်ခြောက်တာ ငါ သိတယ်ဆိုတဲ့ အထာနဲ့ပေါ့ … ။ ကောင်မက အဲ့သည့်တော့ သီချင်းကို ချက်ချင်းကြီး ပြောင်းဆိုပစ်လိုက်တာ … ။

🎵 တုံးခုလို့မှ လှမ်းမရရင် တံချူနဲ့ လှမ်းပစ်မယ် … မှတ်ထားကွယ် … ငါဟာ ယောက်ျားတစ်ယောက်ဖြစ်တယ် …🎵


" အော် … တချို့တချို့တွေများ သီချင်းဆိုတာတောင် ယောက်ျားကို ပါးစပ်ထဲက မချနိုင်ကြဘူး … ဒုက်ခ … ဒုက်ခ …"


" ဟဲ့ … နေမင်းထိုက် … နင် ဘယ်သူ့ကို စောင်းပြောနေတာလဲ …"


" စောင်းမပြောပါဘူး … ကုမ္ပဏီက အခြောက်မ တစ်ယောက်ကို တည့်တည့်ပြောတာပါ … "


" နင်ပြောတဲ့ အခြောက်မဆိုတာ ငါ မဟုတ်လား …"


" သြော် … နင်က အခြောက်မလား … မသိပါဘူး … ငါက နင့်ကို Straight မှတ်လို့ … Woman Straight လေ … မိန်းမစစ်မကြီး …"


" အမလေး … လူပါးဝလို့ … တခြားလူ ပြောတာဆိုရင် ငါခံနိုင်ပါသေးတယ် … ယောက်ျားစစ်စစ် တစ်ယောက်က လာပြောရင် ခံနိုင်ပါသေးတယ်ဟယ် "


ပြောရင်း ၀ုန်းရင်းနှင့် ရန်တွေ ထဖြစ်ကြပြန်သည် ။ မင်းမြတ် အချိန်မှီ ရောက်လာသောကြောင့်သာ တော်သေးတော့သည် ။
မင်းမြတ်လည်း တော်တော်လေး ဆွဲလိုက်ရသည် ။ ဟုတ်တယ်လေ ။ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် လည်ပင်းညှစ်နေကြတာကိုး ။
နှစ်ယောက်တည်း ရှိတော့မှပဲ မင်းမြတ် နေမင်းထိုက်ကို ဆုံးမရပါတော့တယ် ။


" ညီ … ညီက သူနဲ့ အဆင့်ချင်း တူတာ မဟုတ်ဘူးလေ … ဘာလို့ ရန်သွားဖြစ်နေရတာလဲ …"


" သူက ရန်အရင် လာစလို့ပါ …"


" ညီကလည်းကွာ … စိတ်ကို ထိန်းမှပေါ့ … ညီက ကုမ္ပဏီ လူကြီးရဲ့ ချစ်သူလေ … မဟုတ်ဘူးလား … သိက္ခာလေး ထိန်းပြီး နေမှပေါ့ …"


" ဘာလဲ … ညီ့ကို သိက္ခာမရှိဘူးလို့ ပြောတာလား …"


" သြော် … မဟုတ်ဘူးလေညီရယ် … တစ်ခါတစ်လေ ဂရုမစိုက်ဘဲ နေသင့်ရင်လည်း နေရမှာပဲလို့ အစ်ကိုက ပြောချင်တာပါဗျာ …"


" မသိဘူးဗျာ … မသိဘူး … အခု ညီ့ကို သိက္ခာမရှိဘူးလို့ ပြောတာ စိတ်ဆိုးတယ် … ပြီးတော့ သည်နေ့ အလုပ်လုပ်ရတာလည်း စိတ်ထဲ ပါမှာ မဟုတ်တော့ဘူး … သည်နေ့ ခွင့်ယူမယ် … ခွင့်မပေးရင်လည်း အလုပ်သာ ထုတ်ပစ်လိုက်တော့ …"


" ဟာ … ညီကလည်းကွာ … အစ်ကို သည်နေ့ အလုပ်ရှိနေလို့ လိုက်လို့ရမှာ မဟုတ်ဘူး … နိုင်ငံခြားက ဧည့်သည်လာမှာမို့လို့ …"


" မသိဘူးဗျာ … စိတ်ကောက်တာတောင် ရက်နဲ့ ကောက်ခိုင်းနေသေးတယ် … တော်ပြီ … ကိုယ့်ဘာသာ အပြင်သွားတော့မယ် … နေခဲ့ … မလိုက်လာနဲ့ …"


နေမင်းထိုက် ပြောပြောဆိုဆို စိတ်ဆိုးဆိုးနှင့် အပြင် ထွက်လာခဲ့လိုက်သည် ။
ကိုမင်းမြတ်ကို စိတ်ဆိုးလို့သာ ထွက်လာရတာ ။ ဘယ်ကို သွားရမယ်မှန်း မသိ ။ ကမ်းနားဘက်ကို တစ်ယောက်ထဲ ထွက်လာလိုက်သည် ။
ဗိုလ်တစ်ထောင် ကမ်းနားမှာ လေညှင်းခံနေရင်း လူတစ်ယောက်နှင့် နေမင်းထိုက် ထူးထူးဆန်းဆန်း စတင်တွေ့လေတော့သည် ။


ထိုလူကို စမြင်ကာစက နေမင်းထိုက် အရူးဟု ထင်မိသေးသည် ။
ဟုတ်တယ်လေ ။ သူ့ ဖုန်းကင်မရာကို ထောင်ထားပြီး Autoshoot နဲ့ ကမ်းနားမှာ ရှုထောင့် အမျိုးမျိုးကနေ သူ့ကိုယ်သူ ရိုက်နေတာလေ ။
နေမင်းထိုက်ဘက်ကိုလည်း တစ်ချက်တစ်ချက်တော့ လှမ်းကြည့်နေသေးသည် ။


ဟိုက ပြုံးပြနေတော့ နေမင်းထိုက်လည်း ပြန်ပြုံးပြလိုက်သည် ။ ပြီးတော့ ဟိုဘက် ပြန်လှည့်နေလိုက်သည် ။ ဟုတ်တယ်လေ ။ ကိုယ်က စိတ်ညစ်လို့ လာထိုင်နေတာ ။
တော်ကြာ ကိုယ့်ကို လာပြီး ဟိုလိုလေး ရိုက်ပေးပါဦး ၊ သည်လိုလေး ရိုက်ပေးပါဦးဆိုပြီး ဓါတ်ပုံလာရိုက်ခိုင်းနေရင် အာရုံစားတယ်လေ ။


ဝုန်း …


သည်တစ်ခါတော့ နေမင်းထိုက် လှည့်မကြည့်လို့မရတော့ ။
ရေထဲကို ဘာပြုတ်ကျသွားလဲမသိ ။
ဝုန်းကနဲ အသံ အကျယ်ကြီး ကြားရသောကြောင့် လှည့်ကြည့်လိုက်မိသည် ။
အဲဗျ ။ ခုနက ဓါတ်ပုံရိုက်နေတဲ့ကောင် ရေထဲ ပြုတ်ကျသွားတာ ။ ကြည့်ရတာ အိုက်တင် အလုပ်လွန်သွားသည် ထင်သည် ။


" ကယ်ကြပါဦး … ကယ်ကြပါဦး … ကျွန်တော် ရေမကူးတတ်ဘူးဗျ …"


နေမင်းထိုက်လည်း မနေသာတော့ဘဲ ရေထဲဆင်းကာ မေခလာဆင်းလုပ်လိုက်ရသေးသည် ။
ရွှံ့နွံပေါသော ဗိုလ်တစ်ထောင် ဆိပ်ကမ်းထဲ ကျသည်မို့ လူပါ ပေတလူးကုန်တော့သည် ။ ရေပေါ်ရောက်တော့ သကောင့်သားက အေးအေးဆေးဆေး ။
ရေတွေ ဘာတွေခါလိုက်သေးသည် ။ ပြီးတော့မှ ကျေးဇူးတင်စကား ပြောတော့သည် ။


" သယ်ရင်း … ကျေးဇူးပဲနော် … မင်းဖေ့ဘုတ် အကောင့်ပြောလေ … ငါ မင်းကို လိုက်ခ် လုပ်ပေးမယ် … ကျေးဇူးဆပ်တဲ့ အနေနဲ့ …"


" အွန် … မလိုပါဘူး … ဒါနဲ့ မင်းက ဘယ်လိုလုပ် ရေထဲပြုတ်ကျအောင် ကမြင်းရတာတုန်း …"


" ဖေ့ဘုတ်မှာ ပုံ တင်မလို့လေ … ရေထဲခုန်ချခါနီး အမှတ်တရဆိုပြီး တင်မလို့ အိုက်တင် လုပ်လိုက်တာ လွန်သွားလို့ … ဟီး …"


" ဘယ်လို … အံ့အောဘ … အံ့အောဘ … "


" ခုနက သယ်ရင်း ဆင်းကယ်တဲ့ပုံလေးရိုက်ထားရမှာနော် … ဒါမှ ပိုပီပြင်သွားမှာ … သယ်ရင်း ဖေ့ဘုတ် အကောင့်ပေးလေ …"


ပြောပြောဆိုဆိုနှင့် ဖေ့ဘုတ်အကောင့်တောင်းပြီး အက်ထားလိုက်မည်ဟုဆိုကာ ထွက်သွားလေသည် ။
နာမည်ပင် မမေးလိုက်ရ ။
သူ့ဖေ့ဘုတ် အက်လာမှပဲ ကြည့်လိုက်ပါတော့မည်ဟု နေမင်းထိုက်တွေးလိုက်သည်။


သြော် … နေမင်းထိုက်တို့ ကံဆိုးပုံများ … ။
စိတ်ညစ်လို့ ကမ်းနား လာထိုင်မိပါတယ် ။
ဖွဘုတ် အရူးနဲ့ လာတွေ့နေရသကိုးဟု ကိုယ့်ကိုယ်ကို ကွန်မန့်ပေးမိလိုက်လေတော့သည် ။


                        ***********

ဆက်​ရန်​ရှိ​သေးသည်​။
Written by Dr.Min Khant (မင်းခန့်​နိုင်​)

#BurmaLGBT

ဟာသ အိမ်​က​လေး ...Nơi câu chuyện tồn tại. Hãy khám phá bây giờ