ဟဲလို......ကြားလား

1.4K 83 1
                                    

စာတစ်စောင်မျှ ရောက်မလာတတ်တဲ့
အနီရောင်စာတိုက်ပုံးတစ်ခုရှိတယ်
အနီရောင်သုတ်လိမ်းထားတဲ့ ခြံစည်းရိုးတွေနဲ့
အနီရောင် လိုက်ကာစတွေ တပ်ဆင်ထားတဲ့ အနီရောင်
ပြတင်းတံခါးတွေ
ပြီးတော့ အနီရောင်နှင်းဆီပန်းတွေ
အနီရောင်ဆိုတာ ရဲ့ရင့်ခြင်းကို ကိုယ်စားပြုသတဲ့လား
ရုပ်မြင်သံကြားမှာ လာနေတာ အနီရောင်အဆင့်
တိုက်ခတ်သွားတဲ့ မုန်တိုင်းသတင်း
အပျက်အစီးများ၊မျက်ရည်များ၊ဒဏ်ရာများ၊
သွေးများ(အနီရောင်)
ဟင့်အင်း....အနီရောင်ဆိုတာ ရက်စက်ခြင်း
သူထွက်သွားတဲ့အချိန်က....
အနီရောင်တီရှပ်တစ်ထည်ကိုဝတ်ပြီး
အနီရောင်ရှူးဖိနပ်တစ်ရံကို စီးထားတယ်
"ကိုယ်သွားတော့မယ်"တဲ့
စကားတစ်ခွန်းမဟုတ်ဘူး။ငါ့တစ်ယောက်တည်းကို
တည့်တည့်ပစ်သွားတဲ့ မိုးကြိုး
ရင်တစ်ခုလုံး ထိမှန်တယ်
(နောက်ဆက်တွဲသတင်း)
ဆုံးရှုံးမှုပမာဏ-စိတ်သေဆုံး သွားတဲ့လူတစ်ယောက်
နှလုံးသားတစ်ခု၊တစ်ဘဝစာ အိပ်မက်များ
တကယ့်တကယ် ထိခိုက်ရပြီဆိုတဲ့အခါကျ
မျက်ရည်ကလွဲလို့ ဘယ်စကားလုံးမှ
ထွက်မလာတော့ဘူး
လူသစ်တစ်ယောက်လို နေလည်း စိတ်ကတော့
အဟောင်းကြီးပဲ
အထီးကျန်ခြင်းနုဲု့ ဆုံးတဲ့လမ်းတိုင်းကို ငါ့နာမည်ပေးစမ်းပါ
ကြေကွဲစရာအဆုံးသတ်တွေ တွေ့ရင် ငါ့ကို ခေါ်နော်
သတိတရနဲ့ ငါ့ကို ခေါ်ကြနော်
ငိုနေတဲ့ စတစ်ကာတွေတိုင်းမှာ ငါဝင်ပူးထားတယ်လို့ယုံ
နာကျင်ဒဏ်ရာကို ဖန်ဆေးဖို့ဆို ဝီစကီ လိုတယ်မို့လား
မင်းအငွေ့အသက်တွေ လွင့်ပျယ်သွားတဲ့ အချိန်ကစလို့
ငါလည်း စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ်
ပြာချတော့တာပဲ
ကြာရင် ငါကိုယ်တိုင် ဝင်လောင်ကျွမ်းမိတော့မယ်
စိတ်ထဲရှိတဲ့အတိုင်းဆို ကမ္ဘာကြီးကို မျက်ရည်တွေနဲ့
မျှောပစ်ချင်တာ
စကားလုံးတွေနဲ့ ပစ်ပေါက်လိုက်တိုင်း
နောက်ထပ်လေးဆယ့်ငါးဒီဂရီလောက်
တိမ်းစောင်းသွားပါလား
နေ့မရှိဘဲ ညတွေချည်း ဖြစ်နေရင် သိပ်ကောင်းမယ်
အခု ငါ ဘယ်လို နေနေလဲ မင်းသိလား??
အလင်းမယ့်သွားတဲ့ အရောင်တွေနဲ့
တိတ်ဆိတ်မှုတွေကြီးစိုးနေတဲ့ အသံတွေနဲ့
နံရံတွေပေါ်မှာ မင်းပုံရိပ်တွေ ရေးခြစ်ထားတယ်....အပြည့်ပဲ
အနီရောင်အတင့် လွမ်းဆွတ်မှုတွေနဲ့
ငါဖျားနာတိုင်း မင်းကိုပဲ သောက်သုံးချင်တယ်
"ကျေးဇူးပြုပြီး ပြန်လာပါလား"
ငါ ဒီမှာ တောင့်တနေပါတယ်
မင်းတစ်ယောက်တည်းကိုပဲ
အသေအကျေ ။





#ပိုပိုဖီးနစ်
#ကျမရဲ့စိတ်ဝပ်ကျင်းများ

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now