Unicode below
အခန်းတွင်း ပိတ်ခံရသည့် ဒဏ်မှာ တေဇာပိုင့်အတွက် အရမ်းကြီးတော့ စိတ်ထိခိုက်ရာ မရောက်။ အခန်းထဲတွင် စာအုပ်စင် ရှိသောကြောင့် တေဇာပိုင့်အတွက်တော့ စာအုပ်ဖတ်ချိန် သီးသန့်ဖန်တီးပေးလိုက်သကဲ့သို့ပင်။ ဒေါ်ဇာခြည်ကလည်း လုံးဝ အလျှော့မပေးချေ။ အခန်းတွင်းသို့ စားသောက်စရာများကို လာပို့သည်။ အပြင်ကိုတော့ လုံးဝ ထွက်ခွင့်မပေးချေ။
တေဇာပိုင်ကလည်း ဒေါ်ဇာခြည်ကို အရင်ကလို ငိုယိုပြီး တောင်းပန်မနေတော့။ သွေးအေး စစ်ပွဲဖြင့် ပြန်ခုခံလေသည်။ ကျွေးသည့် အစားအစာများကိုလည်း မတို့မထိ။ ဆူညံခြင်းလည်း မပြုလုပ်။ ညဘက် ဗိုက်ဆာသော်လည်း ကြိတ်မှိတ်ပြီး အိပ်လေသည်။ တေဇာပိုင်က ယခုကဲ့သို့ ခုခံနေတော့ ဒေါ်ဇာခြည် အနည်းငယ်တော့ စိတ်ပူလာမိသည်။ အစာမစားတာ ကြာလျှင်လည်း အစာအိမ်ဖြစ်လာမည်ကို ဆိုးသည်။
ယခုလည်း ညကတည်းက မတို့မထိဘဲ ထားသည့် ထမင်းပန်းကန်ကို ယူပြီး ဒေါ်ဇာခြည် အိမ်ပေါ်ထပ်မှ ဆင်းလာသည်။ မနက်စာအတွက် ပြင်ဆင်ပြီး အခန်းထဲ ထည့်ပေးထားခဲ့သော်လည်း တေဇာပိုင် စားမည်မဟုတ်။ ဒေါ်ဇာခြည် ဧည့်ခန်းထဲတွင် ထိုင်ကာ ရှေ့ဆက်ရမည့် နည်းကို စဉ်းစားနေတုန်း မျိုးမြတ်ပိုင် ရောက်ချလာသည်။ အရင်က တူရောက်လာလျှင် သည်းသည်းလှုပ် ဖြစ်တတ်သည့် ဒေါ်ဇာခြည် ယခုတော့ သွေးအေးနေသည်။
"တီဇာ တေဇာပိုင်ရော..."
"အခန်းထဲမှာ ရှိတယ်"
"တီဇာ အခုထိ သူ့ကို ပိတ်ထားတုန်းပဲလား မရက်စက်လွန်းဘူးလား တီဇာရာ သူက ယောက်ျားလေးလေ မိန်းကလေးမှ မဟုတ်တာ တော်ရုံပဲလုပ်ပါ့ဗျာ..."
မျိုးမြတ်ပိုင်က ပြောတော့ ညိုးနေသည့် ဒေါ်ဇာခြည်၏ မျက်နှာမှာ ခက်ထန်သွားသည်။
"မလွန်ဘူး...မင်းကမှ အစ်ကို တစ်ယောက်ဖြစ်ပြီး ညီတစ်ယောက်လုံး အခုလို ဖြစ်နေတာကို လက်ပိုက်ကြည့်နေနိုင်တာကမှ လွန်တာ..."
မျိုးမြတ်ပိုင် သက်ပြင်းချပြီး ခေါင်းရမ်းလေသည်။
"ကျွန်တော် ဘာမှမပြောတော့ပါဘူး ဒါပေမယ့် တီဇာသိထားဖို့က အခုလိုလုပ်တာ အထိခိုက်ဆုံးက တေဇာပဲဆိုတာ"
ESTÁS LEYENDO
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...