Unicode below
မြို့တော်ဆေးရုံ။ မန္တလေးမြို့၏ သိပ္ပံလမ်းမပေါ်တွင် တည်ရှိသော ဆေးရုံတစ်ခု။ မီးပွိုင့်အနီးတွင်ရှိသောကြောင့် ကားများဝင်ထွက်သွားလာနေသည်မှာ အလွန်ရှုပ်လှသည်။ မနက်ခင်းအစောဖြစ်သော်လည်း ဆေးရုံမှာ အဝင်အထွက်မလျော့။ ဖျားနာမှုဆိုသည်မှာလည်း လူနှင့်မကင်းနိုင်သောကြောင့်။
ဆေးရုံ၏ ကားရပ်နားရာနေရာသို့ ကားတစ်စီး အရှိန်ဖြင့် မောင်းဝင်လာသည်။ အမြန်မောင်းလာသောကြောင့် ဆေးရုံကအထွက် ကားဖြင့် ချိတ်မိသလိုတောင် ဖြစ်သွားသည်။ ကားကို ထိုးရပ်လိုက်ပြီး ကားမောင်းသူ ဆင်းလာသည်။ တေဇာပိုင်။
ကားပေါ်မှ ဆင်းသည်နှင့် ချက်ချင်းပြေးဝင်သွားသည်။ အထဲရောက်တော့ ဘယ်သွားရမှန်းမသိမှ Receptionကို မေးရသည်။
"အစ်မ ကျွန်တော့်ကို လူနာအခန်းရှာချင်လို့ပါ"
"ဟုတ်ကဲ့ နာမည်လေးရယ် ဆေးရုံရောက်တဲ့ အချိန်လေး ပြောပြပါ"
"သက်တန့်လင်းပါ ဆေးရုံက ည ၂နာရီလောက်က ဖြစ်မယ်ထင်တယ်"
"အင်း...သက် တန့် လင်း"
စာရေးမက အနောက်တွင်ရှိနေသော White Board ပေါ်တွင်နာမည်ကို ရှာကြည့်သည်။
"အခန်း နံပါတ် ၂၀၃ အပေါ်ထပ်မှာပါ"
စကားဆုံးသည်နှင့် တေဇာပိုင် တုန့်ဆိုင်းမနေတော့ ချက်ချင်းပဲ ပြေးတက်သွားသည်။ စိတ်ထဲမှလည်း ဆိုးဆိုးဝါးဝါး မဖြစ်စေရန် ဆုတောင်းနေမိသည်။ မနေ့ညက သက်တန့်လင်းဆီသို့ ဖုန်းတွေဆက်တိုက် ခေါ်ခဲ့သည်။ သူ့ကိုစိတ်ဆိုးမပြေသေး၍ မကိုင်ဟု ထင်ခဲ့သည်။ သက်တန့်လင်း နောက်ဆုံးပို့ခဲ့သည့် မန္တလေးကိုပြန်လာရန် ပြောသည့် စာကြောင့် စိတ်သက်သာရာရခဲ့သည်။
သို့သော် မနက်လင်းတော့ ထင်ထားသလိုမဟုတ်။ ဒေါ်ဟေမန်က ဖုန်းဆက်ပြီး သက်တန့်လင်း ဆေးရုံရောက်နေသည်ကို အကြောင်းကြားခဲ့သည်။ ကြားကြားချင်း တေဇာပိုင်စိတ်ပူသွားခဲ့သည်။ မေမြို့မှ ချက်ချင်းကားဖြင့် မန္တလေးကိုဆင်းပြီး ဆေးရုံကို တန်းလာခဲ့သည်။ သက်တန့်လင်း ဒီလိုဖြစ်သွားသည်မှာ သူ့ပယောဂ မကင်းသလိုလည်း ခံစားနေရသည်။
STAI LEGGENDO
My Fussy Boyfriend || Completed
Storie d'amore(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...