စိတ်အပူဆုံးက အရမ်း စိတ်ပင်ပန်းပြီး စိတ်အားငယ်နေတဲ့အချိန် သူ့ဘေးနားမှာ အရာရာ နားလည်နှစ်သိမ့်ပေးမယ့် တစ်စုံတစ်ယောက် ရှိမနေမှာကိုပဲ။ ဘောင်ခတ်ထားတဲ့ မျက်လုံး မှေးမှေးလေးတွေကြားမှာ ဘယ်သူမှ မသိနိုင်မယ့် စိတ်ဒဏ်ရာတွေကိုများ ဖုံးကွယ်ထားနေမလား။ အမြဲ ပြုံးနေတဲ့ သွားစွယ်လေးတွေရဲ့ နောက်ကွယ်မှာ ငိုကြွေးခြင်းတွေများ ရှိနေလေမလားလို့ တွေးမိတိုင်း ကိုယ့်မှာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဖြစ်နိုင်ရင် အဆင်ပြေစေချင်တယ်။ မျက်နှာ အတက်အကျတိုင်းကို သတိထားပြီး ငေးမောကြည့်နေရခြင်းက ကိုယ့်အတ္တသက်သက်ကြောင့် မဟုတ်ရပါဘူးဆိုတာ ကျိန်ပြောစရာမလိုတဲ့ အမှန်တရားပါပဲ..... သူနဲ့ပတ်သက်ရင် စစ်မှန်ခြင်းတွေပဲ ရှိပါတယ်....။ သူအမှန်တကယ်... ပျော်ရွှင်နိုင်ပါစေ... ဒါကိုယ်အမြဲရေရွတ်မိတဲ့ စကားစုတစ်ခုပဲ။ မေတ္တာပဲပေးစရာရှိတယ်။ ယူတာမယူတာ သူ့အပိုင်းဆိုပေမယ့်... တစ်ခုခုဆို စိတ်ထားနုလွန်းတဲ့ ကလေးဆိုးလေးတစ်ယောက် ချောင်မှာငို မနေဖို့ တခြားတစ်ယောက်ယောက်ရဲ့ နွေးထွေးမှုတွေနဲ့ အားပေးမှုရစေဖို့တော့ မျှော်လင့်နေခဲ့တယ်။ ကုန်းကောက်လို့တောင်မရတော့တဲ့အထိ စိတ်ဓာတ်ကျ နေချိန်တွေ.... တစ်စုံတစ်ယောက်ကို ပြင်းပြင်းပြပြ လိုအပ်နေချိန်တွေမှာ သူ့အနားမှာ စိတ်ချရမယ့် တစ်ယောက်ယောက် ရှိနေစေချင်တယ်။ ဒီအရာတွေဟာ ကိုယ်ခံစားဖူးတာကြောင့် ဘယ်လောက်နာကျင်ရမှန်း ကိုယ်အသိဆုံးပဲ...။ ဖြစ်နိုင်ရင် သူ့ကို ဒီလိုခံစားချက်မျိုးတွေ မပေးချင်ဘူး။ မတတ်သာလို့ ဖြစ်လာခဲ့ရင်တောင် တစ်စုံတစ်ယောက်ကတော့ဖြင့် သူ့လက်ကိုတွဲပြီး ရင်ဆိုင်ပေးစေချင်တယ်။ ဒါသူနဲ့ပတ်သက်သမျှ ကိုယ့်အတ္တအကုန်ပါပဲ.....။