စစ်စခန်းဆိုသည်နှင့်အညီ နေရာကွက်ကျား ကွက်ကျားအလိုက် ဓား၊လှံ အစရှိသော စစ်လက်နက်များကို သယ်ဆောင် ထားသည့် တပ်သားများသည် မိမိတို့နှင့် သက်ဆိုင်ရာ တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းရွက်နေကြလေသည်။ စစ်စခန်းသို့ ချဉ်းကပ်လာသော ရန်သူများအား မလွတ်တမ်းစောင့်ကြည့် စနည်းနာရန် ပြုလုပ်ထားသည့် စောင့်ကြည့်စင်ပေါ်မှ တပ်သားများကလည်း ရန်သူများ၏ လှုပ်ရှားမှု အခြေအနေတို့အား မပြတ် စောင့်ကြည့်အကဲခတ်နေလေသည်။စစ်ပွဲအတွင်းဝယ် ဒဏ်ရာရရှိထားသော သူများကိုလည်း သမားတော်များက ကုသပေးလျက်ရှိရာ ဆေးကုသပေးသောတဲအဆောင်မှသည် နာကျင်မှုကြောင့် ညည်းညူသောအသံများဖြင့် တစ်နေ့တာအရေး စတင်လာပြန်လေသည်။
ယွီဟန်တစ်ယောက်လည်း ပိုင်ဖုန်း၏တဲမှ ထွက်လာပြီးနောက် စခန်းတစ်ပတ်ကို နှံ့အောင်ပတ်၍ စစ်ဆေးကြည့်ရှူခြင်းအမှုကိုပြုလေသည်။ ထို့နောက်တွင်ကား ဒဏ်ရာရရှိထားသော တပ်သားများအား ထားသည့် ဆေးကုသဆောင်သို့ သွားရောက်၍ အသက်အန္တရာယ်ရှိသူ ရှိ၊မရှိ....ဆေးဝါးပမာဏ လောက်ငမှုရှိ၊မရှိတို့ကို မေးမြန်းရင်း လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခြင်းအမှုကို ပြုလေသည်။
စခန်းတစ်ခုလုံးအား လှည့်ပတ်စစ်ဆေးပြီးသည့်နောက်တွင် အပြာရင့်ရောင်ကောင်းကင်ကို နောက်ခံထားကာ ပွင့်လင်းလာသော နေမင်းကြီးသည်လည်း တဖြည်းဖြည်းချင်း ထွန်းလင်းလာပေသည်မို့ ဒုတိယမ္ပိ ခြေလှမ်းတို့ကို လျှောက်လှမ်းရင်း ပိုင်ဖုန်း၏ တဲရှေ့သို့ ယွီဟန် တဖန်ပြန်လည်ရောက်ရှိလာပြန်သည်။ အိပ်စက်အနားယူနေသော ပိုင်ဖုန်းအား နှိုးရန် သင့်၊မသင့်ကို ချီတုံ၊ချတုံ ဖြစ်နေဆဲ ထိုခဏဝယ် စစ်ဝတ်တန်ဆာ အစုံအလင်ကို သပ်ရပ်စွာ ဆင်ယင်ထားသော ပိုင်ဖုန်းတစ်ယောက် အပြင်သို့ ထွက်လာရင်း ဗျူဟာတဲသို့ သွားရမည်ဟုပြောသောကြောင့် လာရင်းကိစ္စကို ဘေးချိတ်ကာ ဗျူဟာတဲသို့ သွားရောက်ရလေသည်။
YOU ARE READING
ကြင်ယာတော်အိမ်ရှေ့စံ
Teen Fictionဟိုးရှေးရှေးတုန်းက ထန် လို့ခေါ်တဲ့တိုင်းပြည်မှာ ထန်ဝူဖေး လို့ခေါ်တဲ့ ဘုရင်ငယ်လေးက အုပ်ချုပ်နေသတဲ့။ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နိုင်ငံရဲ့ မိခင်လောင်းကို တင်မြှောက်ဖို့ရာက စလို့ ကြင်ယာတော်ရှာခန်း စခဲ့သတဲ့........